မန္တလေး ၁၀ ဖေဖော်ဝါရီ
မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် ဆင်ဖြူရှင်လမ်းနှင့် မြဝတီမင်းကြီးလမ်းကြား လမ်းသွယ် ၁ နှင့် လမ်သွယ် ၂ ကြား၊ ချမ်းမြသာယာရပ်ကွက်ရှိ J-fresh လျှပ်စစ်ပစ္စည်းဂိုထောင်တွင် ဖေဖော်ဝါရီ ၉ ရက် ည ၇ နာရီ ၅၅ မိနစ်မှစတင်၍ မီးလောင်မှုဖြစ်ပွားခဲ့ရာ Level – 4 အဆင့် သတ်မှတ်၍ ည ၁၁ နာရီအချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှ သိရသည်။
အဆိုပါ မီးလောင်မှုမှာ ဂိုထောင်အနီးရှိ ဓာတ်တိုင်မှ မီတာသို့ ဝင်ရောက်သည့် လျှပ်စစ်ကြိုးအပူလွန်ကဲရာမှ မီးသီးဂျပ်ဖာပုံးကို မီးကူးစက်ကာ လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုကြောင့် ခြောက်ဘီးယာဉ် တစ်စီး၊ ဆိုင်ကယ် ၁၀ စီး အပါအဝင် မီးလောင်ဆုံးရှုံးခဲ့ကြောင်း မန္တလေးခရိုင် မီးသတ်ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကျော်ဆန်းက ပြောသည်။
အဆိုပါ မီးလောင်ကျွမ်းရာသို့ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၁၅၀ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၂၅၀ ဦး၊ မီးငြှိမ်းသတ်ယာဉ် အစီး ၇၀၊ စည်ပင်ရေသယ်ယာဉ် ၁၀ စီး၊ အုပ်ချုပ်မှုယာဉ် ၃ စီး၊ အထောက်အကူပြုယာဉ် ၅ စီးအပြင် စစ်ကိုင်းတိုင်း ဒေသကြီးမှ ၁၆၀ဝ ဂါလန် ရေသယ်ယာဉ် တစ်စီးတို့ဖြင့် ငြှိမ်းသတ်ခဲ့ရပြီး ၎င်းမီးလောင်မှုတွင် အရန်မီးသတ် တပ်ဖွဲ့ဝင် ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးတွင် ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။
မန္တလေးမြို့တွင် ဖေဖော်ဝါရီ ၉ ရက် တစ်ရက်တည်း၌ မီးသုံးကြိမ်လောင်ကျွမ်းခဲ့ပြီး ၎င်းမီးလောင်မှုများအနက် ယခုမီးလောင်မှုမှာ တတိယအကြိမ်အဖြစ် လောင်ကျွမ်းကာ ဆုံးရှုံးမှုအများဆုံး ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)
ဓာတ်ပုံ- မီးသတ်ဦးစီးဌာန


