၁၁ ဖေဖော်ဝါရီ

 

ဆီးရီးယား အစိုးရတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် ယမန်နေ့က ဆီးရီးယားနိုင်ငံ မြောက်ပိုင်းရှိ တူရကီ စစ်သားငါးဦး သေဆုံးခဲ့သဖြင့် တူရကီတို့ လက်တုံ့ပြန်တိုက်ခိုက်ခဲ့ကြောင်း တူရကီသမ္မတရုံး ဆက်သွယ်ရေးဆိုင်ရာညွှန်ကြားရေးမှူး ဖာဟတ်တင် အာလ်တန် က တွစ်တာတွင် ရေးသားထားသည်။

 

ဆီးရီးယား ပစ်မှတ်အားလုံး ဖျက်ဆီးရန်နှင့် တူရကီစစ်သားများ ကျဆုံးခဲ့မှုအတွက် လက်စားချေရန် တူရကီတို့က လက်တုံ့ပြန်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု အာလ်တန်က ပြောကြားခဲ့သည်။

 

အဆိုပါ ပြစ်မှုကျူးလွန်မှုသည် ရက်စက်ကြမ်းကြုတ်သော တိုက်ခိုက်မှုဖြစ်ကြောင်းနှင့် တူရကီနိုင်ငံ ကိုသာမက နိုင်ငံတကာအသိုင်းအဝိုင်းတစ်ခုလုံးကို ပစ်မှတ်ထားခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

 

ဆီးရီးယားသမ္မတ ဘာရှာအယ်လ်အာဆတ် အစိုးရသည် ဆီးရီးယားအရေးကိစ္စ၏ အဓိကအကြောင်းရင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။

 

ဆီးရီးယားအနောက်မြောက်ပိုင်းရှိ သူပုန်များ ထိန်းသိမ်းထားရာ နောက်ဆုံး အမာခံ နယ်မြေဖြစ်သော အီဒလစ် ဒေသတွင် ဆီးရီးယားအစိုးရတပ်ဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် တူရကီ စစ်သား ငါးဦး သေဆုံးခဲ့ပြီး အခြားသူများစွာ ဒဏ်ရာရရှိခဲ့ကြောင်း တူရကီ ကာကွယ်ရေးဝန်ကြီးဌာနက ယမန်နေ့က ပြောကြားခဲ့သည်။

 

ဖေဖော်ဝါရီလ အစောပိုင်းကလည်း ဆီးရီးယားတပ်ဖွဲ့များ၏ အခြား အမြောက်ပစ်ခတ်မှုတွင် တူရကီ စစ်သား ငါးဦး အပါအဝင် ရှစ်ဦး သေဆုံးခဲ့သည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို