နေပြည်တော် ၁၁ ဖေဖော်ဝါရီ

ဖေဖော်ဝါရီ ၁၀ ရက် နံနက် ၁ နာရီခွဲက ကျောက်ဆည်မြို့နယ် ရဲတပ်ဖွဲ့နှင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့တို့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျောက်ဆည်မြို့နယ်၊ ပြည်ပန်းကျေးရွာအနီး၊ ရန်ကုန်-မန္တလေး ကားလမ်းဟောင်း၊ ကျောက်ဆည်မြို့ ရှောင်လမ်းဘေးတွင် မသင်္ကာဖွယ်ရပ်တန့်ထားသော TOYOTA HILUX VIGO Double Cub မော်တော်ယာဉ်ကို စစ်ဆေးရာ မော်တော်ယာဉ်ပေါ်နှင့် ယာဉ်အနီးမှ တန်ဖိုးငွေကျပ် ၄၂၈၅၀ သိန်းရှိ ဘိန်းဖြူ ၂၂ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၅၄၉၀၀၀ တို့ကို သိမ်းဆည်းရမိခဲ့သည်။

အလားတူ ယင်းနေ့ ညနေ ၅ နာရီခွဲက မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့၊ ပုန်းထွန်းရပ်ကွက်၊ အမှတ်(၂)လမ်းနှင့် ပိတောက်လမ်းထောင့်တွင် လီးဟားမောင်းနှင်လာသည့် PAJERO IO အမျိုးအစားမော်တော်ယာဉ်ကို ရပ်တန့်ရှာဖွေရာ အိုက်စ် ၂ ဒသမ ၃၈ ကီလို၊ လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။ 

ရဲပြန်ကြား