ကဘူးလ် ၁၂ ဖေဖော်ဝါရီ 

အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်ရှိ စစ်သင်တန်း ကျောင်းတစ်ခု၌ ဖေဖော်ဝါရီ ၁၁ ရက်အစောပိုင်းက အသေခံ ဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ လူငါးဦးသေဆုံးခဲ့ကြောင်း သိရသည်။

အသေခံဗုံးခွဲတိုက်ခိုက်မှုကို မည်သည့်အဖွဲ့က လုပ်ဆောင်ခဲ့ကြောင်း မသိရှိရသေးပေ။ ကဘူးလ်မြို့ အတွင်း၌ သုံးလကြာအောင် လုံခြုံရေးဆိုင်ရာ တည်ငြိမ်မှုရရှိခဲ့ပြီးနောက်တွင် ယခုလိုတိုက်ခိုက်မှုပေါ်ထွက်လာခြင်း ဖြစ်သည်။ တိုက်ခိုက်မှုအတွင်း ငါးဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ ခြောက်ဦးထက်မနည်း ရှိကြောင်း ကာကွယ် ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

စစ်သင်တန်းကျောင်း၌ ဒေသစံတော်ချိန် နံနက် ၇ နာရီခန့်တွင် အသေခံဗုံးခွဲသမားတစ်ဦးက ပေါက်ကွဲပစ္စည်းများ ထားရှိခဲ့ပြီးနောက် အရပ်သားနှစ်ဦးနှင့် တပ်မတော်သား သုံးဦးသေဆုံးခဲ့ခြင်းဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နာဆရတ် ရာဟီမီက ပြောသည်။ ထိခိုက်ဒဏ်ရာရရှိသူများထဲတွင် အရပ်သားငါးဦး ပါဝင်ကြောင်း သိရသည်။

နိုင်ငံအတွင်းရှိ လုံခြုံရေးအရာရှိများအား လေ့ကျင့်သင်ကြားပေးနေသည့် မာရှယ်ဖာဟင် စစ်သင်တန်းကျောင်း အနီးတွင် ဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ကဘူးလ်မြို့ အနောက်ပိုင်းတွင်နေထိုင်သည့် မျက်မြင်သက်သေတစ်ဦး က ပြောသည်။ ဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွားပြီးနောက် အခင်းဖြစ်ပွားရာသို့ လူနာတင်ယာဉ်များ မြန်မြန်ဆန်ဆန် ရောက်ရှိလာကြောင်း သိရသည်။ ကဘူးလ်၌ ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက အကြီးစားတိုက်ခိုက်မှုတစ်ခု နောက်ဆုံးဖြစ်ပွားခဲ့ပြီး အဆိုပါတိုက်ခိုက်မှုတွင် လူ ၁၂ ဦးထက် မနည်း သေဆုံးခဲ့သည်။

အေအက်ဖ်ပီ