ဝက်လက် ၁၃ ဖေဖော်ဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့နယ် မန္တလေး- ရွှေဘိုကားလမ်းတွင် ဖေဖော်ဝါရီ ၁၃ ရက် နံနက်ပိုင်းက (၁၂) ဘီး မော်တော်ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ရွှေဘိုခရိုင်မီးသတ်ဉီးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဉီးအေးမြင့်ထံမှ သိရသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၁၃ ရက် နံနက် ၂ နာရီ ၁၀ မိနစ်ခန့်က ဝက်လက်မြို့နယ် မန္တလေး - ရွှေဘိုကားလမ်း မိုင်တိုင်အမှတ် ၆၁/၂ နှင့် ၆၁/ ၁ အကြားတွင် မော်တော်ယာဉ် မီးလောင်မှု ဖြစ်ပွားကြောင်း သတင်းအရ ဝက်လက်မြို့နယ် မီးသတ်စခန်းမှ ဉီးစီးအရာရှိ ဉီးမောင်းနိန် ဉီးဆောင်သည့် မီးသတ်တပ်ဖွဲ့ဝင်များသည် လှတောနယ်မြေမီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ မီးငြှိမ်းသတ်ယာဉ်နှစ်စီး ရေသယ်ယာဉ်တစ်စီးတို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၃ နာရီတွင် မီးငြိမ်းသွားကြောင်း သိရသည်။
မီးလောင်မှုဖြစ်ပွားရခြင်းမှာ မန္တလေးမှ ရွှေဘိုဘက်သို့ နဘဲပင်ကျေးရွာ၊ ငန်းဇွန်မြို့နယ်နေ ယာဉ်မောင်း ကျော်မျိုးထက်(၂၄နှစ်) မောင်းနှင်လာသည့် ဘိလပ်မြေ တင်ဆောင်လာသော (၁၂ )ဘီးမော်တော်ယာဉ် ၏ ဘယ်ဘက်နောက်ဘီး ဘရိတ်လိုင်နာညိပြီး အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားခြင်း ဖြစ်သည်။ မီးလောင်မှုကြောင့် (၁၂ )ဘီးယာဉ်၏ ဘယ် / ညာ နောက်ဘီး(၈) လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး လူထိခိုက်မှု မရှိကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်း ကျော်မျိုးထက်ကို ဝက်လက်မြို့မရဲစခန်းက အမှုဖွင့် အရေးယူ ထားကြောင်း သိရသည်။
မိုးသောက်(ရွှေဘို)


