မင်းဘူး ၁၃ ဖေဖော်ဝါရီ
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်၊ အိုင်းမကျေးရွာအုပ်စု၊ အိုးပြင်မဲကျေးရွာတွင် ယမန်နေ့ ညနေ ၅ နာရီအချိန်က တောမီးလောင်ကျွမ်းရာမှတစ်ဆင့် မီးလောင်မှု ဖြစ်ပွားခဲ့ရာ အိမ်ခြေ (၇၀) ခန့် မီးလောင်ကျွမ်းခဲ့ကြောင်း မြို့နယ်မီးသတ်ဉီးစီးဌာနမှ သိရှိရသည်။
ဖြစ်စဉ်မှာ မင်းဘူး(စကု)မြို့နယ်၊ အိုင်းမကျေးရွာအုပ်စု၊ အိုးပြင်မဲကျေးရွာ၏ အနောက်တောင်ဘက်တွင် တောမီးလောင်ကျွမ်းရာမှတစ်ဆင့် အိုးပြင်မဲကျေးရွာနေ ဉီးတင်ရွှေ (ဘ) ဉီးတုတ်ပေါ၊ ကျဘမ်းလုပ်ကိုင်သူ၏ (သုံးပင်ပတ်လည်၊ သက္ကယ်မိုး၊ ထရံကာ၊ မြေစိုက်) နွားတင်းကုတ်ပေါ်သို့ မီးဖွားကျကာ မီးကူးစက်လောင်းကျွမ်းခဲ့ပြီး အနီးပတ်ဝန်းကျင်ရှိ နေအိမ်များသို့ ကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မီးလောင်ကျွမ်းရာသို့ မင်းဘူးခရိုင်မီးသတ်ဉီးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဉီးထွန်းထွန်းနှင့် သန္ဓေတပ်ဖွဲ့ဝင်(၄၀)ဉီး၊ အိုင်းမကျေးရွာ ရဲစခန်းမှူး ရဲအုပ် ခင်မောင်ဇော်နှင့် အဖွဲ့ဝင်(၅)ဉီး၊ အိုင်းမကျေးရွာ အုပ်ချုပ်ရေးမှူး ဉီးဇော်ဌေး၊ အိုးပြင်မဲကျေးရွာ ရွာခွဲတာဝန်ခံနှင့် ကျေးရွာပြည်သူလူထု(၂၀၀)ဦးခန့် စုစုပေါင်းအင်အား(၂၅၀)ဦးခန့် တို့မှ ခရိုင်မီးသတ်ဦးစီးဌာနမှ မီးသတ်ယာဉ်(၃)စီး၊ ထောက်ရှာပင် (ကမ်းနီ)ရေနံမြေမှ မီးသတ်ယာဉ် (၁)စီး၊ ရွှေစက်တော် မီးသတ်စခန်းမှ မီးသတ်ယာဉ်(၂)စီး၊ ပဒါန်းကျေးရွာမှ မီးသတ်ယာဉ်(၁)စီး၊ စကုနယ်မြေမီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ စုစုပေါင်းမီးသတ်ယာဉ်(၈)စီးတို့ဖြင့် ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုကြောင့် အိမ်ခြေ စုစုပေါင်း ၁၈၀ ရှိသည့်အနက် အလုံး ၇၀ ခန့် မီးကူးစက် လောင်ကျွမ်းခဲ့သည်။
ကျော်စိုးဝင်း(မင်းဘူး)


