နမ္မတီး ၁၃ ဖေဖော်ဝါရီ
ကချင်ပြည်နယ် မိုးကောင်းမြို့နယ် နမ္မတီးနယ်မြေရဲစခန်းအပိုင်နယ်မြေအတွင်းရှိ မြစ်ကြီးနား–တနိုင်းကားလမ်းပေါ်တွင် ဖေဖော်ဝါရီ ၁၂ ရက် မွန်းလွဲ ၁ နာရီခန့်က ခရီးသည်တင်ယာဉ်တစ်စီး ရှေ့ဘီးပေါက်၍ လမ်းဘေးတိမ်းမှောက်ခဲ့ကြောင်း နမ္မတီးနယ်မြေရဲစခန်းမှ သိရသည်။
ဖြစ်စဉ်မှာ မိုးကောင်းမြို့နယ်၊ ကံလှကျေးရွာနေ ယာဉ်မောင်း သန်းဝင်းထွန်း(၃၇ နှစ်)မောင်းနှင်သည့် လိုက်ထရပ်အမျိုးအစားယာဉ်သည် မြစ်ကြီးနား–တနိုင်းကားလမ်းအတိုင်း နမ္မတီးမြို့မှတနိုင်းဘက်သို့ မောင်းနှင်လာစဉ် မိုင်တိုင်အမှတ်(2.5)KM အနီးအရောက်တွင် ယာဉ်၏ရှေ့ယာဘက်ဘီးပေါက်၍ လမ်း၏ ယာဘက်ဘေးသို့ ထိုးကျတိမ်းမှောက်ခဲ့သည်။
ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းအပါအဝင် ယာဉ်ပေါ်လိုက်ပါလာသည့်ခရီးသည် ၁၆ ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ)ရရှိခဲ့၍ နမ္မတီးတိုက်နယ် ဆေးရုံသို့ ဆေးကုသမှုခံယူရန် ပို့ဆောင် ထားကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်း သန်းဝင်းထွန်းအား နမ္မတီးနယ်မြေရဲစခန်းတွင် အမှုဖွင့် အရေးယူ နိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
ဝင်းနိုင်(ကချင်မြေ)


