နေပြည်တော် ၁၃ ဖေဖော်ဝါရီ
ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် - CMRS ဖြင့် သတင်းပေးပို့ချက်အရ ဖေဖော်ဝါရီ ၇ ရက်မှ ၁၀ ရက်အတွင်း၌ သစ်တောဦးစီးဌာနမှ ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့သည် တရားမဝင်သစ်များ ဖမ်းဆီးခဲ့ရာ မော်လိုက်မြို့နယ်၊ ဖုန်းသုန်းကြိုးဝိုင်း၊ မွန်းဖာချောင်းအတွင်းမှ တရားမဝင်ကျွန်းသစ် (၉ ဒသမ ၃၄၆၀) တန်၊ တာယာဘီးတပ်ထွန်စက် နောက်တွဲ(၄)စီး၊ တရုတ်အင်ဂျင် နံပါတ်မပါ/ ဘားတံမပါ(၁)လုံး၊ လက်ကိုင်စက်လွှ(၁)လက် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အလားတူ ကျွန်းလှမြို့နယ်၊ ပြောင်သွယ်ကြိုးဝိုင်း အကွက်အမှတ် (၉၂၊ ၉၃၊ ၉၄)နှင့် မိုင်းဝန်းကြိုးဝိုင်း အကွက်အမှတ် (၁၁၀)နေရာတို့မှ တရားမဝင် ကျွန်း/ ပျဉ်းကတိုး/ သစ်ယာ/ ထောက်ကြံ့/ အင်ကြင်း သစ်/ခွဲသား (၅၂ ဒသမ ၈၃၆၄)တန်၊ ကန့်ဘလူမြို့ နယ်၊ ကိုးတောင်ဘို့ကျေးရွာ၏ အနောက်ဘက် (၁)မိုင်ခန့်အကွာမှ တရားမဝင် ကျွန်း/အင်/နှောသစ် (၄ ဒသမ ၉၂၈၀)တန်၊ ရေတာရှည်မြို့နယ်၊ ရိုးမကြိုးပြင် ကာကွယ်တောအတွင်း တရားမဝင်ကျွန်းသစ်/ခွဲသား၊ ပျဉ်းကတိုးသစ်၊ (၇ ဒသမ ၄၉၈၄)တန်နှင့် ချိန်းဆော(၁)လက်၊ ရေတာရှည်မြို့နယ်၊ ရိုးမကြိုးပြင်ကာကွယ်တောအတွင်း တရားမဝင်ကျွန်းသစ် (၄ ဒသမ ၆၉၁၀)တန်၊ လယ်ဝေးမြို့နယ်၊ ဥသျှစ်လှိုင်းဘိနယ်၊ ရုံးပင်ကြိုးဝိုင်း အကွက်အမှတ်(၆၀၊ ၇၂) နေရာများမှ သစ်/ခွဲသား (၂၉ ဒသမ ၅၆၀၈)တန်၊ စဉ့်ကိုင်မြို့နယ်၊ အိုးထိန်းတောင် ကျေးရွာအနီးတွင် ပုဇဉ်းခေါင်းထော်လာဂျီ (အပြာရောင်)ယာဉ်ပေါ်မှ တရားမဝင်ကျွန်းခွဲသား (၂ ဒသမ ဝ၅၅၈)တန်၊ လှည်းကူးမြို့နယ်၊ မင်းကုန်း-တောင်ထန်းမြောင် မြေသားလမ်းပေါ်၊ မဟူရာကြိုးဝိုင်း အကွက်အမှတ်(၄၅)မှ တရားမဝင် ပျဉ်းကတိုး/ သဒီ/ တောင်သင်္ဘော/ မျောက်ငို/ ထောက်ကြံ့/ ဒီဒူးခွဲသား/ ပကာ (၅ ဒသမ ၈၉၅၄)တန်၊ မဘိမ်းမြို့နယ်၊ ရွှေလီမြစ် ကမ်းဘေး၊ မယ်ဇလီပြန့်နေရာနှင့် ကွန်းချောင်းဆိပ်ကမ်းနေရာများ၌ ကျွန်းသစ် (၇ ဒသမ၂၇၈၀)တန်၊ ဂွ-ငါးသိုင်းချောင်းကားလမ်း၊ မိုင်တိုင်အမှတ် (၁၂/၂)အနီး ယာဉ်ပေါ်မှ တရားမဝင်တောင်သရက်/ ကြက်ရိုး/ ဖန်ခါးခွဲသား (၇ ဒသမ ၃၇၇၀)တန်နှင့်အတူ တရားခံ (၄)ဦးတို့အား ဖမ်းဆီးရမိခဲ့ပြီး တရားခံများအားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။
ညီညီသန်း (နေပြည်တော်)


