နေပြည်တော် ၁၃ ဖေဖော်ဝါရီ
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၁၂ ရက် ညနေပိုင်းတွင် အမရပူရမြို့နယ်၊ ယဉ်တော်ကျေးရွာအုပ်စု၊ ယဉ်တော်ကျေးရွာ၊ ကမ်းနားလမ်းတွင် စစ်ဆေးရေးပြုလုပ်နေစဉ် ကိုက်(၂၀၀)ခန့်အကွာအရောက်၌ ဆိုင်ကယ်ကိုထား၍ ထွက်ပြေးသွားသဖြင့် သွားရောက်စစ်ဆေးရာ ဘိန်းစိမ်း ၁၉ ဒသမ ၂ ကီလို၊ မြန်မာ ကျပ်ငွေ ၁၀၅၁၀၀ တို့ကိုလည်းကောင်း။
အလားတူ ယင်းနေ့မွန်းလွဲ ၁ နာရီခွဲက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုင်းရယ်မြို့နယ်၊ နားလီကျေးရွာအနီး၊ မိုင်းရယ်-ကျေးသီးသွား ကားလမ်းတွင် မအေးအောင် မောင်းနှင်လာသည့်ယာဉ်ကို ရပ်တန့်ရှာဖွေရာ ယာဉ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀၀၊ ဘိန်းဖြူ သုည ဒသမ ၀၅ ကီလို တို့ကိုလည်းကောင်း။
ထို့အတူ ထိုနေ့ ညနေ ၆ နာရီက မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုင်းဆတ်မြို့နယ်၊ ကျတီကျေးရွာအုပ်စု၊ ကျွန်းတော(၆)မိုင် ကျေးရွာအနီး၊ မိုင်းဆတ်-မိုင်းတုံသွားကားလမ်းတွင် စစ်ဆေးရေးပြုလုပ်နေစဉ် မီတာ(၂၀၀) ခန့်အကွာ၌ ဆိုင်ကယ်ကိုထား၍ ထွက်ပြေးသွားခဲ့သဖြင့် သွားရောက်စစ်ဆေးရာ ဘိန်းဖြူ အလေးချိန် ၂ ဒသမ ၆၄ ကီလိုကိုလည်းကောင်း။
ယင်းနေ့ ညနေ ၅ နာရီက မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုင်းဖြတ်မြို့နယ်၊ နမ့်ကုန်းကျေးရွာအုပ်စု၊ နမ့်ကုန်းကျေးရွာ၏ အရှေ့ဘက်ရှိ အိုက်ခမ်း၏ တောင်ယာတဲကိုရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄၈၀၀ နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို လည်းကောင်း။
ထို့အတူ ယင်းနေ့ မွန်းလွဲပိုင်းတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မူဆယ်မြို့၊ တောင်ရပ်ကွက်၊ အိမ်အမှတ်(တ/ခ-၃၁၇)နေ မမိငယ်(ခ)နန်းအေးအေးမျိုး၏ နေအိမ်ကိုရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၃၈၀ ပြား၊ ဘိန်းဖြူ သုည ဒသမ ၀၀၃ ကီလိုတို့ကိုလည်းကောင်း။
အလားတူ သာစည်မြို့နယ်၊ ယင်းမာပင်ရဲစထန်းမှ ဒုရဲအုပ် ရန်သိန်းနှင့် တပ်ဖွဲ့ဝင်များသည် ဖေဖေါ်ဝါရီ ၁၁ ရက် ညပိုင်းက လယ်စပြင်ကျေးရွာအနီး မိတ္ထီလာ-တောင်ကြီးကား လမ်းမိုင်တိုင် ၄၅/၇ အနီးတွင် ရဲလင်းနောင်(ခေါ်)ပွကြီး မောင်းနှင်လာသည့်ဆိုင်ကယ်အား ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၂၂ ပြားလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
ရဲပြန်ကြား


