၁၄  ဖေဖော်ဝါရီ

 

အသားတွေ ယားနေတယ်ဆိုတိုင်း ဓာတ်မတည့်တာများစားမိလို့လား၊ ဓာတ်မတည့်တာတစ်ခုခုနဲ့များ ထိတွေ့မိလို့လားလို့ အရင်ဆုံးတွေးမိတတ်ကြပါတယ်။ တကယ်ကတာ့ အသားယားတာက ဓာတ်မတည့်တာ တစ်ခုတည်းကြောင့်မဟုတ်ပါဘူး။ ဒီပြဿနာလေးတွေရှိနေရင်လည်း အသားယား တတ်ပါတယ်။ ဘာတွေများဖြစ်မလဲ……

 

အသားတွေ ယားနေတယ် ဘာလို့များလဲ……

 

အသားတွေ ယားနေတာက ဒီအချက်တွေကြောင့်ပါ။

 

(၁)အသားအရမ်းခြောက်နေလို့ – အသားခြောက်တာက သင့်ကို အသား ယားတာတွေ ဖြစ်စေနိုင်ပါတယ်။ ရာသီဥတုကြောင့်ဖြစ်ဖြစ်၊ ရေပူနဲ့ချိုးတာများတာကြောင့်ဖြစ်ဖြစ် အသားယားနိုင်ပါတယ်။

 

ဘယ်လိုသက်သာအောင် လုပ်မလဲ….

 

ရေချိုးပြီးတိုင်း အသားကိုအစိုဓာတ်ထိန်း ခရင်မ်လိမ်းပေးပါ။ သွေးထွက်တဲ့အထိ အသားခြောက်ပြီး ကွဲအက်တာမျိုးဖြစ်မယ်ဆိုရင် ဆရာဝန်နဲ့ ပြသကြည့်ဖို့လိုပါမယ်။

 

(၂) ပိုးကောင် ကိုက်ခံရတာ – ခြင် ကနေစလို့ ပိုးကောင်တွေကိုက်ခံရတဲ့အခါမျိုးမှာလည်း အသားယား တတ်ပါတယ်။ ခြင်ကိုက်တာကြောင့် အသားယားတာကတော့ ခဏလောက်နဲ့ သက်သာ သွားနိုင်ပါတယ်။ တကယ်လို့ ဂျပိုး၊ သန်းစတာတွေကိုက်ရင်တော့ အချိန်တော်တော်ကြာတဲ့အထိ အသားယားနေတာမျိုးဖြစ်နိုင်ပါတယ်။

 

ဘယ်လိုသက်သာအောင်လုပ်မလဲ ……..

 

ပိုးကောင်ကိုက်ရင် လိမ်းလို့ရတဲ့ ဆေးတစ်မျိုးမျိုး လိမ်းပေးလို့ရပါတယ်။ သနပ်ခါးရေကျဲလေး လိမ်းပေးလည်းရပါတယ်။

 

(၃) အရေပြားကင်ဆာ  – တစ်ခါတလေမှာ အသားတွေယားတာက အရေပြားကင်ဆာရဲ့ လက္ခဏာ တစ်ရပ်လည်း ဖြစ်နိုင်ပါတယ်။ အရေပြားကင်ဆာဖြစ်တဲ့အခါ အသားအရေက ပြောင်းလဲလာတာမျိုးရှိသလို အသားမှာ အစက်အပြောက်တွေထွက်လာတာမျိုးလည်းရှိနိုင်ပါတယ်။ ဒီအစက်အပြောက်တွေက ယားတာမျိုးရှိနိုင်ပါတယ်။

 

ဘယ်လိုသက်သာအောင်လုပ်မလဲ…….

 

အသားအရေမှာ အစက်အပြောက်တွေလည်း ဖြစ်မယ်။ အသားကလည်း ယားမယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြကြည့်တာ အကောင်းဆုံးပါ။

 

(၄) ကိုယ်ဝန်ရှိနေတာ – ကိုယ်ဝန်ဆောင် ၁၀ ဦးမှာ ၂ ဦးလောက်က အသားယားတဲ့ ပြဿနာကို ခံစားကြရပါတယ်။ အရေပြားမှာ အဖုအပိမ့်ထွက်တာကစလို့ ဒီထက့်ပြင်းထန်တဲ့ အခြေအနေမျိုးတွေ အထိ ဖြစ်နိုင်ပါတယ်။

 

ဘယ်လိုသက်သာအောင်လုပ်မလဲ….

 

ရေနွေးဝတ်လေးကပ်ပေးတာ၊ ရေခဲဝတ်လေးကပ်ပေးတာလုပ်ပေးလို့ရပါတယ်။ အရမ်းပြင်းထန်ရင်တော့ ဆရာဝန်နဲ့ ပြပါ။

 

(၅)အရေပြား ဓာတ်မတည့်မှုဖြစ်တာ – ဓာတ်မတည့်တာတစ်ခုခုကို စားမိတာ၊ ထိမိတာတွေကြောင့် လည်း အသားတွေယားနိုင်ပါတယ်။ အချို့ဆိုရင် အရေပြားမျာ အနီရောင်အဖုအပိမ့်တွေ ထတာမျိုး ရှိနိုင်ပါတယ်။ အဝတ်စတွေ၊ အလှကုန်တွေကြောင့်လည်း အရေပြားမှာ ဓာတ်မတည့်မှု ဖြစ်စေနိုင်ပါတယ်။

 

ဘယ်လိုသက်သာအောင်လုပ်မလဲ…..

 

မကုတ်ပါနဲ့။ ရေအေးဝတ်ကပ်ပေးတာ။ ရေနွေးဝတ်ကပ်ပေးတာလုပ်ပေးလို့ရပါတယ်။ အရမ်းပြင်းထန် ရင်တော့ ဆရာဝန်နဲ့ပြသပါ။

 

(၆) အရေပြားပြဿနာတွေ –  အချို့သော အရေပြားပြဿနာတွေရဲ့ အစောပိုင်းလက္ခဏာတွေမှာလည်း အသားယားတာက တစ်ခုအပါအဝင်ပါ။

 

•           ပွေး

•           ဝဲ

•           ညှင်း

•           ရေကျောက်

•           နှင်းခူ

•           အင်ပျဉ်

•           ရေယုန်

•           သဲဝဲ

•           ရေဝဲ စတာတွေကြောင့် အသားယားနိုင်ပါတယ်။

 

ဘယ်လိုသက်သာအောင်လုပ်မလဲ……

 

အရေပြားပြဿနာက မြန်မြန်သက်သာအောင်လုပ်မှ နောက်ဆက်တွဲပြဿနာတွေကို ကာကွယ်နိုင်မှာ ဖြစ်တာကြောင့် ဆရာဝန်နဲ့ သေချာပြသတာက အကောင်းဆုံးဖြစ်မှာပါ။

 

(၇) ကိုယ်တွင်းရောဂါတွေရဲ့ အစောပိုင်းလက္ခဏာတွေ – တစ်ခါတလေမှာ ခန္ဓာကိုယ်တွင်းမှာ ခံစားနေရတဲ့ ရောဂါတွေရဲ့ လက္ခဏာတစ်ရပ်အနေနဲ့လည်းအသားယားတတ်ပါတယ်။

 

•           သွေးရောဂါ

•           ဆီးချို

•           ကျောက်ကပ်ရောဂါ

•           အသည်းရောဂါ

•           HIV

•           သိုင်းရွိုက်ပြဿနာ

•           အသည်းရောင် အသားဝါရောဂါ

•           သည်းခြေပြွန်ပိတ်တာ

•           သံဓာတ်ချို့တဲ့တာတွေ ခံစားနေရတာကြောင့်လည်း အသားယားနိုင်ပါတယ်။

 

ဘယ်လိုသက်သာအောင်လုပ်မလဲ……

 

အသားတွေယားနေတယ်။ ပြင်ပလက္ခဏာတစ်စုံတရာမတွ့ရဘူးဆိုရင် လိုအပ်တဲ့ ကျန်းမာရေး စစ်ဆေးမှုကို လုပ်ကြည့်တာက အကောင်းဆုံးဖြစ်မှာပါ။

 

(၈)အသက် ၆၅ နှစ်အထက်ဖြစ်နေတာ – အသားခြောက်တာက သက်ကြီးရွယ်အို တော်တော်များများမှာ ဖြစ်တတ်ပါတယ်။ အကြောင်းကတော့ အသက်အရွယ်ကြီးရင့်လာတဲ့အခါ အရေပြားကပိုပါးလာပြီး ရေသောက်နည်းတာကြောင့် အသားခြောက်နိုင်လို့ပါ။

 

ဘယ်လိုသက်သာအောင်လုပ်မလဲ…….

 

အသားခြောက်တာကနောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကို ဖြစ်စေနိုင်တာကြောင့် ဖြစ်နိုင်မယ်ဆိုရင် ရေများများသောက်ပါ။ အသားအရမ်းခြောက်မယ်ဆိုရင် ဆရာဝန်နဲ့ ပြသကြည့်ဖို့ပြောပါရစေ။

 

(၉) သောက်သုံးနေရတဲ့ ဆေးဝါးတွေ – သွေးပေါင်ကျဆေးတွေ၊ အကိုက်အခဲပျောက်ဆေးတွေ အပါအဝင်အချို့သောဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးအနေနဲ့လည်း အသားတွေယားနိုင်ပါတယ်။ ကင်ဆာကုထုံးရဲက နောက်ဆက်တွဲအနေနဲ့လည်း

 

ဘယ်လိုသက်သာအောင်လုပ်မလဲ……..

သောက်သုံးနေရတဲ့ဆေးဝါးတွေကြောင့် အသားယားတာဆိုရင်တော့ အကောင်းဆုံးက ဆေးညွှန်းပေးတဲ့ ဆရာဝန်နဲ့တိုင်ပင်တာပါ။

 

(၁၀) အာရုံကြော ပြဿနာ – အာရုံကြောက ကေင်းကောင်းမလုပ်ဆောင်နိုင်တဲ့အခါမှာလည်း အသားတွေယားနိုင်ပါတယ်။ ရောဂါကြောင့် ဒါမှမဟုတ် ထိခိုက်မှုတစ်ခုခုကြောင့်အာရုံကြော ထိခိုက်ပျက်စီးတာတွေ ဖြစ်နေတဲ့အခါမျိုးမှာလည်း အသားယားတာမျိုးဖြစ်နိုင်ပါတယ်။ အာရုံကြောကြောင့် အသားယားတဲ့အခါ အသားမှာ အနီရောင် အဖုအပိမ့်တွေဖြစ်လာနိုင်ပါတယ်။

 

ဘယ်လိုသက်သာအောင်လုပ်မလဲ…..

 

အာရုံကြောတွေနာနေမယ်။ ခြေလက်တွေထုံမယ်၊ အရေပြားမှာ အနီရောင်အဖုအပိမ့်တွေ ထွက်နေမယ်ဆိုရင် အကောင်းဆုံးက ဆရာဝန်နဲ့ ပြသဖို့ပါ။

 

ရေးသားသူ Aye Thi Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”