မိုင်းခတ် ၁၄ ဖေဖော်ဝါရီ
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၊ မိုင်းညှင်းကျေးရွာဝမ်အွန်အုပ်စု၊ အင်ဝမ်မတ် ကျေးရွာတွင် ဖေဖော်ဝါရီ ၁၂ ရက်မွန်းလွဲ ၁ နာရီခန့်က လူနေအိမ်တစ်လုံး(၆၀) မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မိုင်းညှင်းကျေးရွာ ဝမ်အွန်အုပ်စု၊ အင်ဝမ်မတ်ကျေးရွာနေ ဦးအိုက်ရန် တောင်ယာလုပ်ငန်း သွားရောက် လုပ်ကိုင်နေစဉ် အချိန်နေအိမ်မီးဖိုမီးကြွင်း မီးကျန်မှတစ်ဆင့် လူနေအိမ် (၇၃)လုံးရှိသည့် အနက် လူနေအိမ်(၆၀)လုံး မီးလောင်မှု ဖြစ်ပွားခဲ့ရာ ကျေးရွာနေပြည်သူများ၊ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ မီးငြှိမ်းသတ်ယာဉ် နှစ်စီးတို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ရာ ညနေ ၂ နာရီ ၁၅ မိနစ်တွင် ငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
မီးလောင်မှုကြောင့်(၂၅×၂၅)ပေ သက်ကယ်မိုး၊ ဝါးခင်း၊ ဝါးကာလူနေအိမ်(၆၀)လုံး၊ မော်တော်ဆိုင်ကယ် (၉)စီး၊ စပါးတင်း(၁၀ဝ၀)၊ လယ်ထွန်စက်(၁)လုံး၊ စပါးကြိတ်စက်(၂)လုံး၊ ပျက်စီးဆုံးရှုံးခဲ့ပြီး လူနှင့်တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာခြင်းမရှိခဲ့ကြောင်း သိရသည်။
မီးဘေးသင့် ပြည်သူများအား ကျေးရွာဘေးတွင်ယာယီတဲများ ပြုလုပ်ပေးပြီး လတ်တလောနေထိုင် စားသောက်ရန်အတွက် ဌာနဆိုင်ရာတာဝန်ရှိသူများက ဆန်၊ဆီ၊ဆား၊ ကြက်ဥများ၊ အဝတ်အထည်များ၊ ကယ်ဆယ်ရေစွည်းများ ထောက်ပံ့လှူဒါန်းလျက်ရှိပြီး အနယ်နယ်အရပ်ရပ်မှစေတနာ အလှူရှင်များလည်း လာရောက် လှူဒါန်းလျက်ရှိကြောင်း သိရသည်။
အဆိုပါ မီးပေါ့ဆမှုကြောင့် စတင်လာင်ကျွမ်းစေခဲ့သည့် ဦးအိုက်ရန်မှာ ထွက်ပြေးတိမ်းရှာင်လျက်ရှိပြီး ဖမ်းဆီးအရေးယူနိုင်ရန် မိုင်းခတ်မြို့မရဲစခန်းက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မိုးဒေ (ပြန်/ဆက်)


