၁၄ ဖေဖော်ဝါရီ

 

ကုလသမဂ္ဂ၏ အရေးယူမှုများကို ဖောက်ဖျက်ကာ မြောက်ကိုရီးယား နှင့် လျှို့ဝှက် စီးပွားရေးလုပ်ငန်း လုပ်ဆောင်နေခြင်းအပါအဝင် အမှုပေါင်း ၁၆ မှုဖြင့် ဟွာဝေးအား တရားစွဲဆိုခဲ့ကြောင်း အမေရိကန်ပြည်ထောင်စုက ကြေညာခဲ့သည်။

 

အမေရိကန်တရားရေးဝန်ကြီးဌာနက ယမန်နေ့က တရုတ်နည်းပညာကုမ္ပဏီကြီးနှင့် ၎င်းလုပ်ငန်းများခွဲများအား စွဲချက်အသစ်ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

 

စွပ်စွဲချက်များတွင် ဘဏ်လိမ်လည်မှု၊ ကုန်သွယ်ရေးလျှို့ဝှက်ချက်များကို ခိုးယူခြင်းနှင့် အမေရိကန်အာဏာပိုင်များကို လိမ်လည်ခြင်းတို့ ပါဝင်သည်။

 

စွပ်စွဲချက်အသစ်များတွင် ဟွာဝေးသည် မြောက်ကိုရီးယားနိုင်ငံနှင့် စီးပွားရေးပတ်သက်မှုများကို ဖုံးကွယ်ရန် ကြိုးပမ်းမှုများလည်း ပါဝင်သည်။

 

ဟွာဝေးသည် ကုန်ပစ္စည်းများကို  မြောက်ကိုရီးယားနိုင်ငံသို့ ပေးပို့ရာတွင် ၎င်းတို့၏ တံဆိပ်ကို အသုံးမပြုပဲ  တင်ပို့ခဲ့ပြီး  ပိတ်ဆို့ခံထားရသည့် နိုင်ငံကို ရည်ညွှန်းပြီး "A9"ဟူသည့် ကုဒ်နံပါတ် ကို သုံးစွဲခဲ့သည် ဟု ဆိုသည်။

 

ပြီးခဲ့သည့်ဇူလိုင်လက မြောက်ကိုရီးယားနိုင်ငံသည် ၎င်း၏နိုင်ငံအတွင်းဆက်သွယ်ရေး ကွန်ရက်များထူထောင်ရန် ဟွာဝေးကကူညီသည်ဟုသံသယရှိကြောင်း ဝါရှင်တန်ပို့စ်သတင်းက ဖော်ပြထားသော်လည်း  ဟွာဝေးက မြောက်ကိုရီးယားနှင့် စီးပွားရေးလုပ်ငန်းများတွင် ပါဝင်ပတ်သက်ခြင်းမရှိကြောင်း  ငြင်းဆိုခဲ့သည်။

 

စွဲချက်အသစ်သည် ဟွာဝေး၏ ဂုဏ်သတင်းကို ထိခိုက်စေရန် အမေရိကန်တရားရေးဌာန၏ ကြိုးပမ်းမှုတစ်စိတ်တစ်ဒေသ ဖြစ်ကြောင်း ဟွာဝေးက ယမန်နေ့က ပြောကြားခဲ့သည်။

 

အမေရိကန်ပြည်ထောင်စုက ၂၀၁၉ခုနှစ် ဇန်နဝါရီလအတွင်းက ဟွာဝေးအား လိမ်လည်မှု၊ ငွေကြေးခဝါချမှုနှင့် အခြားစွဲချက်များဖြင့် ပထမဆုံးအကြိမ် တရားစွဲဆိုခဲ့သည်။ 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်