mdn

ခြူးစန္ဒီနွေး - ရေးသားသည်

 

လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုစာလောက်တုန်းက တော့ ယီမင်မှာရှိတဲ့ အယ်လ်ကိုင်ဒါ သစ္စာ တော်ခံ အဖွဲ့ကြီးဟာ ကမ္ဘာပေါ်မှာ ကြောက် စရာ အကောင်းဆုံး အကြမ်းဖက်အဖွဲ့ကြီးထဲ က တစ်ခုဖြစ်ခဲ့ပါတယ်။

 

အောင်မြင်မှု မရခဲ့ကြ

 

အဲဒီအုပ်စုဟာ ထောက်လှမ်းဖော်ထုတ်ဖို့ ခက်ခဲတဲ့ ဖောက်ခွဲရေးပစ္စည်းတွေ တီထွင်ခဲ့ ကြတယ်။ ဆဲလ်ဖုန်း ပုံစံပြောင်းထားတဲ့ ဗုံးကို လည်း တီထွင်ခဲ့ကြပါတယ်။ အဲဒီဗုံးနဲ့ အမေရိကန် လေကြောင်းလိုင်းတွေကို သုံးကြိမ်ထက် မနည်း တိုက်ခိုက်မှုပြုလုပ်ဖို့ ကြိုးစားခဲ့ကြပါတယ်။ ဒါပေမယ့် အောင်မြင်မှုတော့ မရခဲ့ကြပါဘူး။ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းမှာတော့ အမေရိ ကန်ကနေ ယီမင်မှာရှိတဲ့ အယ်လ်ကိုင်ဒါ ခေါင်းဆောင် ကာဆမ်အယ်ရီမီကို သုတ်သင် ရှင်းလင်းလိုက်ပြီဆိုတာကို ကြားသိရပါတယ်။

 

အကြမ်းဖက်မှုတွေ လျော့ကျလိမ့်မယ်

 

ဒါကြောင့် အနောက်အုပ်စုကိုဆန့်ကျင်ပြီး အကြမ်းဖက်တိုက်ခိုက်မှုတွေ ပြုလုပ်ရာမှာ အရှိန်လျော့ကျ သွားလိမ့်မယ်လို့ အမေရိကန်နဲ့ ဥရောပအကြမ်းဖက်မှု တန်ပြန်စစ်ဆင် ရေး သုတေသီတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေအတောအတွင်း ယီမင်နိုင်ငံမှာ အမေရိကန်ရဲ့ ဒရုန်းတိုက်ခိုက်မှုတွေကြောင့် အယ်လ်ကိုင်ဒါ အုပ်စုရဲ့ ဆက်ခံသူနှစ်ယောက်ကို သုတ်သင် ရှင်းလင်းနိုင်ခဲ့ပါတယ်။ ဒါ့အပြင် အယ်လ်ကိုင်ဒါ အုပ်စုရဲ့ ဗုံးကျွမ်းကျင် သူလို့ အမည်ဆိုးနဲ့ ကျော်ကြားတဲ့ အီဘရာဟင် ဟတ်ဆန်အယ်အာဆီရီကိုလည်း ရှင်းလင်း သုတ်သင်နိုင်ခဲ့ ပါတယ်။ ယီမင်နိုင်ငံမှာ အိုင်အက်စ်အကြမ်းဖက်သမားတွေနဲ့ ဟူသီ သူပုန်တို့ကြား တိုက်ပွဲတွေကြောင့်လည်း အာရေဗီယန်ကျွန်းဆွယ် အယ်လ်ကိုင်ဒါအဖွဲ့ကို အားနည်းစေခဲ့ပါတယ်။ ဒီအဖွဲ့ဟာ အရင်တုန်း ကလို ကြောက်စရာကောင်းတဲ့ အဖွဲ့တစ်ဖွဲ့ မဖြစ်နိုင်တော့ပါဘူးလို့ ယီမင်နိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ဟောင်း ဖီတန်ဘရောင်းက ပြောပါတယ်။ အခုအခါမှာတော့ ဖီတန်ဘရောင်းဟာ ကုလသမဂ္ဂ အကြမ်းဖက်မှု တန်ပြန် စစ်ဆင်ရေးက အရာရှိတစ်ဦးအဖြစ် လုပ်ကိုင် နေပါတယ်။

 

ကမ္ဘာအနှံ့အကြမ်းဖက်အုပ်စုများ

 

ကမ္ဘာအနှံ့မှာရှိတဲ့ အယ်လ်ကိုင်ဒါအဖွဲ့နဲ့ ဆက်စပ်တဲ့အဖွဲ့တွေဟာလည်း ကမ္ဘာအနှံ့မှာ သူတို့နည်း သူတို့ဟန်နဲ့ လှုပ်ရှားနေကြပါတယ်။ အာဖရိက အရှေ့ပိုင်း အကြမ်းဖက်အုပ်စု ဖြစ်တဲ့ အယ်လ်ရှာဘတ်အုပ်စုဟာလည်း မကြာသေးမီနှစ်များအတွင်း ဆိုမာလီယာမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေတိုးမြှင့်လုပ်ဆောင် ခဲ့ပါတယ်။ ပြီးခဲ့တဲ့လကပဲ အဲဒီအုပ်စုဟာ အမေရိကန်တပ်ဖွဲ့ဝင်တွေစခန်းချတဲ့ ကင်ညာ စစ်အခြေစိုက်စခန်းကို ဝင်ရောက်တိုက်ခိုက် ခဲ့တဲ့အတွက် အမေရိကန်သုံးဦး အသတ်ခံခဲ့ရ ပါတယ်။ နောက်ပြီး အမေရိကန် အကြမ်းဖက် မှု တန်ပြန်စစ်ဆင်ရေးအရာရှိတွေ ပြင်းပြင်းထန်ထန် သတိပေးနေတဲ့ နောက်ထပ်တစ်ဖွဲ့ကတော့ ဆီးရီးယား မှာရှိတဲ့ ဟူရက်စ်အယ်လ်ဒင် ဆိုတဲ့ အကြမ်းဖက်အဖွဲ့ပါပဲ။ ဆီးရီးယားနိုင်ငံရဲ့ အနောက်မြောက်ပိုင်းမှာ လုံခြုံရေး အခြေအနေတွေ ဖရိုဖရဲဖြစ်နေတာကို အခွင့်ကောင်းယူပြီး အနောက်အုပ်စုကို တိုက်ခိုက်ဖို့ ကြိုးပမ်းနေ တယ်လို့ အကြမ်းဖက်မှုတန်ပြန်စစ်ဆင်ရေးမှ အရာရှိတွေက ပြောပါတယ်။

 

အန္တရာယ်ပေးနိုင်ဆဲဖြစ်

 

အာရေဗီယန်ကျွန်းဆွယ် အယ်လ်ကိုင်ဒါ အဖွဲ့ ကတော့ ၂၀၁၇ ခုနှစ် အမေရိကန်သမ္မတ ဖြစ်လာတဲ့ ထရမ့်လက်ထက်ကစလို့ ကြံ့ကြံ့ခံ ရပ်တည်ခဲ့တဲ့ အဖွဲ့လည်းဖြစ်ပါတယ်။ အဲဒီ အချိန်တုန်းကလည်း အမေရိကန်ဟာ မစ္စတာ အယ်ရီမီ ပုန်းခိုနေတဲ့နေရာကို စီးနင်းတိုက် ခိုက်ဖို့ ကြိုးစားခဲ့ဖူးပါတယ်။ အဲဒီအကြမ်းဖက် အုပ်စုဟာ အခုအချိန်မှာ အင်အားလျော့နည်း လာပြီဆိုတာ မှန်ပေမယ့် အန္တရာယ်ပေးနိုင်စွမ်း တော့ရှိနေဆဲပဲဆိုတာကို အကြမ်းဖက်မှုတန်ပြန် စစ်ဆင်ရေးအဖွဲ့က အရာရှိတွေက သတိပေးခဲ့ ပါတယ်။ အာရေဗီယန်ကျွန်းဆွယ်အယ်လ်ကိုင်ဒါ အဖွဲ့ ဟာ ဆက်လက် သက်ဆိုးရှည်နေဆဲပါပဲ။ အဲဒီအုပ်စုဟာ လေကြောင်းပျံသန်းရေး လုပ်ငန်းတွေမှာ အကြမ်းဖက်မှုလုပ်ဆောင်ဖို့ ကြိုးစားဆဲပါပဲ။ နောက်ပြီးတော့ ဗုံးလုပ် ကျွမ်းကျင်သူတွေလည်း ရှိနေတာကြောင့် စိုးရိမ်စရာကောင်းသေးတယ်လို့ အမျိုးသား အကြမ်းဖက်မှု တန်ပြန်စစ်ဆင်ရေးစင်တာ က ညွှန်ကြားရေးမှူးဟောင်း နီကိုးလပ်စ်ရက်စ် မူဆမ်က ပြောပါတယ်။

 

 သတင်းအချက်အလက်မျှဝေ

 

ဗုံးလုပ်တာနဲ့ ပတ်သက်ပြီး အသိပညာ၊ သတင်းအချက်အလက်တွေကို အာရေဗီယန် အယ်လ်ကိုင်ဒါ အုပ်စုအတွင်းမှာတင် ဝေမျှတာ မဟုတ်ပါဘူး။ အယ်လ်ကိုင်ဒါနဲ့ ဆက်စပ်မှုရှိတဲ့ အခြားသော အကြမ်းဖက်အဖွဲ့ တွေမှာလည်း ဝေမျှမှုတွေရှိပါတယ်လို့ သူကဆက်ပြောပါတယ်။ မကြာသေးမီနှစ်များအတွင်း ယီမင်မှာရှိတဲ့ အယ်လ်ကိုင်ဒါ လက်အောက်ခံအဖွဲ့တွေကို အမေရိကန်က ခဏ ခဏ တိုက်ခိုက်ခဲ့ပါတယ်။ အာရေဗီယန် အယ်လ်ကိုင်ဒါအဖွဲ့ရဲ့ ပထမဆုံး ခေါင်းဆောင် နက်ဆာ အယ် ဝူဟေရှီဟာ လည်း ၂၀၁၅ ခုနှစ်တုန်းက အမေရိကန်တွေရဲ့ ဒရုန်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ပါတယ်။ နက်ဆာအယ် ဝူဟေရှီဟာ အယ်လ်ကိုင်ဒါ အဖွဲ့အားလုံးရဲ့ ခေါင်းဆောင် ဖြစ်လာမယ့်သူလို့ တစ်ချိန်က ထင်ကြေးပေးခံရသူပါ။

 

ဗုံးလုပ်ကျွမ်းကျင်သူ သေဆုံး

 

နောက်ထပ် လေးနှစ်ကြာတဲ့အခါမှာတော့ အမေရိကန်သမ္မတထရမ့်ဟာ ဗုံးလုပ်ကျွမ်းကျင် သူဖြစ်တဲ့ အယ်အာဆီရီကို သုတ်သင်ရှင်းလင်း နိုင်ခဲ့ပြီလို့ ကြေညာခဲ့ပါတယ်။ ၂၀၁၇ ခုနှစ် အတွင်း ယီမင်နိုင်ငံမှာ ဒရုန်းတိုက်ခိုက်မှု အတွင်း သေဆုံးခဲ့တာပါ။ အယ်အာဆီရီကတော့ ၂၀၁၀ ပြည့်နှစ်မှာ အမေရိကန်ကုန်ပစ္စည်းတင် လေယာဉ်ကို ဖောက်ခွဲဖို့ရည်ရွယ်ပြီး ဗုံးဒီဇိုင်း ပြုလုပ်ခဲ့သူလည်း ဖြစ်ပါတယ်။ နောက်ပြီး ၂၀၁၂ ခုနှစ်မှာလည်း ခရီးသည်တင်လေယာဉ်ကို ပျက်ကျအောင်ပြုလုပ်ဖို့ ဗုံးတီထွင်ခဲ့ပါတယ်။ ဒီနှစ်ကြိမ်စလုံးမှာ သူ့ရဲ့ ကြိုးပမ်းမှုတွေဟာ မအောင်မမြင်နဲ့ပဲ ဇာတ်သိမ်းခဲ့ရပါတယ်။

 

နောက်ဖြစ်လာမယ့် ခေါင်းဆောင်ဟု ယူဆ

 

အမေရိကန်က အာရေဗီယန်ကျွန်းဆွယ် အယ်လ်ကိုင်ဒါခေါင်းဆောင် မစ္စတာအယ်ရီမီ ကို သုတ်သင်ပြီးတဲ့ ကြေညာချက်ထုတ်ပြန်ခဲ့ပါ တယ်။ အယ်ရီမီကို သုတ်သင်ရှင်းလင်းနိုင် လိုက်တဲ့အတွက် ယီမင်နိုင်ငံမှာရှိတဲ့ အယ်လ် ကိုင်ဒါအဖွဲ့ရဲ့ လှုပ်ရှားမှုတွေကိုသာ လျော့ကျ သွားအောင် လုပ်နိုင်တာမဟုတ်ဘဲ တစ်ကမ္ဘာ လုံးမှာရှိတဲ့ အယ်လ်ကိုင်ဒါ လက်အောက်ခံ အဖွဲ့တွေရဲ့ လှုပ်ရှားမှုကိုပါ လျော့ကျသွား အောင် လုပ်လိုက်နိုင်တာဖြစ်တယ်လို့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ အခြားသော အယ်လ်ကိုင်ဒါ လက်အောက်ခံအဖွဲ့တွေနဲ့ ချိတ်ဆက်မှုပြုလုပ် ရာမှာ မစ္စတာ ရီမီက  အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ အကြမ်းဖက်သမားအချို့ကတော့ မစ္စတာ ရာမီဟာ အယ်လ်ကိုင်ဒါအုပ်စုရဲ့ နောက်ဖြစ်လာ မယ့် ခေါင်းဆောင်လို့ ယူဆထားကြပါတယ်။

 

 စိုးရိမ်စရာဖြစ်

 

ယီမင်နိုင်ငံမှာ အမေရိကန်ရဲ့ ဒရုန်း  တိုက်ခိုက်မှုဟာ မကြာခဏဆိုသလိုပဲ ပြုလုပ် ခဲ့ပါတယ်။ ၂၀၁၇ခုနှစ်အထိ ရှစ်နှစ်တာကာလ အတွင်းမှာ တိုက်ခိုက်မှု ၁၂၅ ကြိမ်ပြုလုပ်ခဲ့ပါတယ်။ ယီမင်နိုင်ငံအတွင်း ပဋိပက္ခတွေ ကြောင့်အာရေဗီယန်ကျွန်းဆွယ် အယ်လ်ကိုင်ဒါ  အဖွဲ့ဟာ အဖွဲ့ဝင်သစ်စုဆောင်းဖို့၊ အဖွဲ့ကို ကြီးထွား လာအောင်လုပ်ဖို့ မစွမ်းဆောင်နိုင်ခဲ့ ပါဘူး။ ယီမင်နိုင်ငံမှာ ပဋိပက္ခတွေဖြေရှင်းအပြီး မှာတော့ အယ်လ်ကိုင်ဒါအဖွဲ့ဟာ လူသစ် စုဆောင်းမှုတွေ ပြုလုပ်လာကာ ပြန်လည် ရှင်သန်လာမှာကတော့ တကယ့်ကို စိုးရိမ် စရာပါပဲ။ ။

 

ကိုးကား -နယူးယောက်တိုင်းမ်