ဆာနား ၁၈ ဖေဖော်ဝါရီ
ယီမင်၌ စစ်ပွဲဖြစ်ပွားနေသည့် နှစ်ဖက်အဖွဲ့အစည်းတို့က ၎င်းတို့ ဖမ်းဆီးထိန်းသိမ်းထားသည့် အကျဉ်းသား အမြောက်အမြားကို လဲလှယ်ကြရန် သဘောတူညီမှု ရရှိခဲ့ကြောင်း ကုလသမဂ္ဂအဖွဲ့ကြီးက ပြောကြားခဲ့သည်။
ဆော်ဒီဦးဆောင်သည့် မဟာမိတ်အဖွဲ့၏ လေကြောင်းစီးနင်းတိုက်ခိုက်မှုအပါအဝင် လက်နက်ကြီးတိုက်ခိုက်မှု များကြောင့် အရပ်သားအများအပြား သေဆုံးခဲ့ရပြီးနောက်တွင် အကျဉ်းသားများအချင်းချင်း လဲလှယ်ရန် နှစ်ဖက်သဘောတူညီမှု ရခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဂျော်ဒန်နိုင်ငံမြို့တော် အာမန်၌ ဟူသီသူပုန်များနှင့် နိုင်ငံတကာအသိအမှတ်ပြု ယီမင်အစိုးရတို့အကြား ခုနှစ်ရက်ကြာ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ကာလကြာ နှောင့်နှေးကြန့်ကြာနေခဲ့သည့် အကျဉ်းသားလဲလှယ်ရေး ဆောင်ရွက်ရန်ကိစ္စကို ဖေဖော်ဝါရီ ၁၆ ရက်က ကြေညာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထုတ်ပြန်ချက်ထဲတွင် နှစ်ဖက်စလုံးက မကြာခင်ထွက်ပေါ်လာမည့် အကျဉ်းသားများစာရင်းကို အပြန်အလှန် လဲလှယ်မှုဖြင့် အမြန်ဆုံးစတင်ရန် ဆုံးဖြတ်ခဲ့ကြကြောင်း ဖော်ပြထားပြီး ထိုသို့လဲလှယ်မှုသည် ကာလကြာ ဖြစ်ပွားခဲ့သည့် ပဋိပက္ခ စတင်ချိန်ကတည်းက အကျဉ်းသားလဲလှယ်မှု အကြီးဆုံးဖြစ်ကြောင်း သိရသည်။
ယနေ့တွင် ပဋိပက္ခ ဖြစ်ပွားနေသည့် နှစ်ဖက်အဖွဲ့အစည်းတို့က လက်တွေ့အခြေအနေတွင် စိန်ခေါ်မှုများစွာ ရှိနေချိန်၌ပင် တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် ယုံကြည်မှုတစ်ခု တည်ဆောက်နိုင်ခြင်းက အပြုသဘော ဆောင်သည့် အကျိုးရလဒ်များကို ပြသခဲ့ကြောင်း အမေရိကန်သံအမတ်ကြီး မာတင်ဂရစ်ဖစ်က ပြောကြားခဲ့သည်။
အကျဉ်းသားအရေအတွက် မည်မျှအထိ လဲလှယ်နိုင်ဖွယ်ရှိကြောင်းကို ကုလသမဂ္ဂမစ်ရှင်အဖွဲ့က အသေးစိတ် အချက်အလက်များ ဖော်ပြခဲ့ခြင်းမရှိကြောင်း သိရသည်။
ဆင်ဟွာ


