လန်ဒန် ၁၉ ဖေဖော်ဝါရီ
ဗြိတိန်က ဂျပန်နိုင်ငံအား ကုလသမဂ္ဂ ရာသီဥတုညီလာခံအမီ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု လျှော့ချရန်တိုက်တွန်းခဲ့သည်။ ပဲရစ်သဘောတူညီချက်တွင် ပါဝင်ထားသောအဖွဲ့ဝင်များအနေဖြင့် ၎င်းတို့၏ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ ထုတ်လွှတ်မှုလျှော့ချရေးဆိုင်ရာ ရည်မှန်းချက်များအား ကုလသမဂ္ဂသို့ ယခုလမကုန်မီ တင်သွင်းရန်သတ်မှတ်ထားသည်။ ပဲရစ်သဘောတူညီချက်၏ ရည်ရွယ်ချက်မှာ ကမ္ဘာလုံးဆိုင်ရာဓာတ်ငွေ့ထုတ်လွှတ်မှုကို အလျင်အမြန်လျှော့ချရန်နှင့် ၂၀၅၀ ပြည့်နှစ်တွင် သုညအဆင့်အထိလျှော့ချသွားရန် ရည်ရွယ်သည်။
ဂျပန်နိုင်ငံအနေဖြင့်နိုင်ငံ၏ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကို ၂၆ ရာခိုင်နှုန်းလျှော့ချနိုင်ရန် အတွက် ဆောင်ရွက်နိုင်ရန်လိုအပ်နေကြောင်း ကုလသမဂ္ဂရာသီဥတုပြောင်းလဲရေး ညီလာခံဆိုင်ရာ ဗြိတိန်ကိုယ်စားလှယ် ဂျွန်မာတင်က ပြောကြားသည်။ ဗြိတိန်အနေဖြင့် ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်ဆိုင်ရာ အရင်းအမြစ်များတွင် ရင်းနှီးမြှုပ်နှံထားခြင်းဖြင့် ဓာတ်ငွေ့ထုတ်လွှတ်မှုလျှော့ချရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်နိုင်ခဲ့ကြောင်း ဂျွန်မာတင်က ပြောကြားသည်။ စက်မှုလုပ်ငန်းများအတွက် လျှပ်စစ်ကို ဈေးသက်သက်သာသာဖြင့်ရရှိနိုင်ရန် ဂျပန်အနေဖြင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်တွင် ရင်းနှီးမြှုပ်နှံသင့်ကြောင်း ပြောကြားသည်။
ကိုးကား-အင်န်အိတ်ချ်ကေ၊ ဘာသာပြန်-စိုးသူရ


