ဝါရှင်တန်၂၀ ဖေဖော်ဝါရီ
ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ်မာဒူရို၏ အာဏာဆုပ်ကိုင်ထားမှုကို လက်လွှတ်စေရန်အတွက် နိုင်ငံတကာဖိအားပေးမှုကို အရှိန်မြှင့်သည့်အနေဖြင့် အမေရိကန်သမ္မတသည် ဗင်နီဇွဲလားအရေးကိစ္စတွင် အဓိကကျသော နေရာမှပါဝင်နေသည့် ရုရှားနိုင်ငံပိုင် ရို့စ်နက်ဖ် ရေနံကုမ္ပဏီအပေါ် ယမန်နေ့က အရေးယူပိတ်ဆို့မှုများ ချမှတ်လိုက်ကြောင်း သိရသည်။
အမေရိကန်က အရေးယူပိတ်ဆို့မှုများ မကြာခဏ လုပ်ဆောင်နေသော်လည်း ဗင်နီဇွဲလားနိုင်ငံ၏ ရေနံများကို ရောင်းချရာတွင် အကူအညီပေးလျက်ရှိသည့် ရို့စ်နက်ဖ် ထရေးဒင်းအက်စ်အေ ကုမ္ပဏီနှင့် ရို့စ်နက်ဖ် ဒုတိယဥက္ကဋ္ဌ ဒီဒီယာ ကက်စီမီရိုတို့ကို အမေရိကန်ဘဏ္ဍာရေးဌာနက အရေးယူပိတ်ဆို့ရန် ပစ်မှတ်ထားခဲ့သည်။
ဗင်နီဇွဲလား၏ ရေနံစိမ်းများကို ရောင်းချမှုနှင့် သယ်ယူပို့ဆောင်မှုများအတွက် အဓိကကြားဝင်ဆောင်ရွက် ပေးနေသည့် ရို့စ်နက်ဖ်ထရေးဒင်းသည် ဗင်နီဇွဲလားပြည်သူများအပေါ် အာဏာရှင်သမ္မတမာဒူရိုက ဖိနှိပ်စေနိုင် သော ဒေါက်တိုင်သဖွယ် ကူညီပေးလျက်ရှိကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီအိုက ထုတ်ပြန် ချက်တွင် ဖော်ပြခဲ့သည်။
အကျင့်ပျက်ခြစားမှုများဖြင့် ပြည့်နှက်နေသည့် နိုင်ငံကို ကူညီအားပေးကာ ပြည်သူများအပေါ် နှိပ်ကွပ်နေမှုကို ထောက်ခံပေးနေသူများကို အရေးယူအပြစ်ပေးရမည်ဖြစ်ကြောင်း မစ္စတာ ပွန်ပီအိုက တွစ်တာ၌ဖော်ပြခဲ့သည်။ အိမ်ဖြူတော်၌ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည့် ဗင်နီဇွဲလားအတိုက်အခံ ခေါင်းဆောင် ဂွိုက်ဒိုက မာဒူရိုအစိုးရအပေါ် အမေရိကန်၏ ဖိအားပေးမှုအသစ်ကို ကြိုဆိုခဲ့သည်။
အေအက်ဖ်ပီ


