၂၀ ဖေဖော်ဝါရီ
ဂျပန်နိုင်ငံ ယိုကိုဟားမားဆိပ်ကမ်းမှာ ကိုဗစ်19 ဗိုင်းရပ်စ်ပိုးမပျံ့နှံ့ရေးအတွက် သီးသန့်ခွဲခြားထားသော ၁၄ ရက် ကြာဆိုက်ကပ်ထားတဲ့ Diamond Princess အပျော်စီးဇိမ်ခံ သင်္ဘောခရီးသည်ဟောင်းနှစ်ဦး ဒီနေ့ (ကြာသပတေးနေ့) မှာ သေဆုံးကြောင်း ဒေသတွင်း သတင်းဌာနတွေက သတင်းထုတ်ပြန်ထားပါတယ်။
ဒီနေ့သေဆုံးတဲ့ ဂျပန်အဖိုးအဖွားနှစ်ဦးမှာအသက် ၈၀ အရွယ်များဖြစ်ပြီး ကိုဗစ်19 ဗိုင်းရပ်စ် ကူးစက်ခံရတဲ့အတွက် ဖေဖော်ဝါရီ ၁၁ ရက် နဲ့ ၁၂ ရက်နေ့တွင် သင်္ဘောပေါ်ကနေ ဆေးရုံသို့ ခေါ်ဆောင်ပြီး ကုသမှုတွေ လုပ်ဆောင်ပေးခဲ့ကြောင်း သိရပါတယ်။
Diamond Princess သင်္ဘောပေါ်မှ ကိုဗစ်19 ဗိုင်းရပ်စ်ကူးစက်ခြင်းမရှိသူ ခရီးသည် ၄၄၃ ဦး ကို မနေ့က နေရပ်အသီးသီးကို ပြန်ခွင့်ပေးခဲ့ပြီးဖြစ်ပါတယ်။ ဒီနေ့ (ကြာသပတေးနေ့) မှာလည်း ဗိုင်းရပ်စ်ပိုးကူးစက် မခံရတဲ့ ခရီးသည်တွေ ထပ်မံပြီး နေရပ်ပြန်ခွင့် ပေးနေကြောင်း သိရပါတယ်။
Diamond Princess သင်္ဘောပေါ်တွင်ခရီးသည်ပေါင်း ၃၇၀၀ ဦး လိုက်ပါစီးနင်းခဲ့ရာ ၆၂၁ ဦးမှာ ကိုဗစ်19 ဗိုင်းရပ်စ်ပိုး ကူးစက်ခံရပြီး ၂ ဦး သေဆုံးကြောင်း သိရပါတယ်။
MDN
ကိုးကား- AFP


