ပေကျင်း ၂၂ဖေဖော်ဝါရီ  

 

ကိုရိုနာဗိုင်းရပ်စ် သတင်းမှားများ ပျံ့နှံ့မှုကြောင့် ကြောက်ရွံ့မှုများ မြင့်တက်လာပြီး ဗိုင်းရပ်စ် တိုက်ဖျက်ရေးအတွက် အပြည်ပြည်ဆိုင်ရာမှ ပူးပေါင်းဆောင်ရွက်ရာတွင် အနှောင့်အယှက်များ ဖြစ်ပေါ်လာသည်ဟု နိုင်ငံအများအပြားမှ ကျွမ်းကျင်သူများက ဝေဖန်ပြောကြားခဲ့သည်။

 

ကမ္ဘာတစ်လွှားရှိ နိုင်ငံပေါင်းများစွာက ပြည်သူ့ကျန်းမာရေးပညာရှင်ပေါင်း ၂၇ ဦးတို့သည် ပူးပေါင်း ကြေညာချက် ထုတ်ပြန်ခဲ့ပြီး အဆိုပါ ကြေညာချက်ကို ဗြိတိန်ဆေးပညာဂျာနယ်တွင် ဖော်ပြခဲ့သည်။ မျိုးရိုးဗီဇနှင့် သက်ဆိုင်သည့်လေ့လာမှုအရ ကိုရိုနာဗိုင်းရပ်စ်သည် တောရိုင်းတိရစ္ဆာန်မှ အစပြုခဲ့ခြင်းဖြစ်ပြီး လူလုပ်ဖန်တီးထားခြင်းမဟုတ်ဟု အဆိုပါကြေညာချက်တွင် ထည့်သွင်း ကြေညာခဲ့သည်။

 

လျှို့ဝှက်ပူးပေါင်းကြံစည်မှုကြောင့် ဖြစ်ပေါ်လာသည်ဆိုသည့် အယူအဆကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး ယင်းသတင်းကြောင့် ကြောက်ရွံ့မှုကို ပိုမိုဖြစ်ပေါ်လာစေကြောင်း၊ ကြောက်ရွံ့မှုများ၊ ကောလာဟလများ၊ အာဃာတ တရားများကြောင့် ဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက် တစ်ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွင် အန္တရာယ်များဖြစ်လာစေကြောင်း ကျွမ်းကျင်သူများက ဝေဖန် ပြောကြားခဲ့သည်။

 

တရုတ်နိုင်ငံ ဝူဟန်မြို့တွင် ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားချိန်မှစတင်ကာ တစ်ကမ္ဘာလုံးတွင် ကောလာဟလများ ပျံ့နှံ့ခဲ့သည်။ အမေရိကန်မှ လွှတ်တော်အမတ်တစ်ဦးသည် တီဗွီအစီအစဉ်တွင် ကိုရိုနာဗိုင်းရပ်စ်မှာ ဝူဟန်မြို့ရှိ ဓာတ်ခွဲခန်းမှ ပျံ့နှံ့လာခြင်းဖြစ်ပြီး ဓာတုလက်နက်ဖြစ်သည်ဟု စွပ်စွဲကာ စုံစမ်းစစ်ဆေးမှုများပြုလုပ်ရန် တောင်းဆိုခဲ့သည်။

 

သတင်းအမှားများ၊ အခြေအမြစ်မရှိသည့် ကောလာဟလများကို တုံ့ပြန်ရန် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်သည့် သတင်းအမှန်များကို ထောက်ပံ့ပေးသည့် ဝက်ဘ်ဆိုက်တစ်ခု လွှင့်တင်ခဲ့သည်။

 

အင်န်အိတ်ချ်ကေ