ဂျူးဘား ၂၁ ဖေဖော်ဝါရီ
တောင်ဆူဒန်သမ္မတ ဆယ်ဗာကီရာ နှင့် သူပုန်ခေါင်းဆောင် ရိခ်မာချာတို့သည် ဖေဖော်ဝါရီ ၂၀ ရက်က ညွန့်ပေါင်းအစိုးရဖွဲ့စည်းရန် သဘောတူခဲ့ကြသည်။ ခြောက်နှစ်ကျော်ကြာ ပြည်တွင်းစစ်ကို အဆုံးသတ်နိုင်ရေး ကြိုးပမ်းမှု ခြေလှမ်းတစ်ခုလည်းဖြစ်သည်။
တောင်ဆူဒန်သမ္မတနှင့် သူပုန် ခေါင်းဆောင်တို့အကြား ပဋိပက္ခများကြောင့် လူပေါင်း ၃၈၀၀၀၀ ထက် မနည်း သေဆုံးခဲ့ရပြီး လူပေါင်းလေးသန်းခန့် နေအိမ်များမှ စွန့်ခွာထွက်ပြေးခဲ့ရသည်။ ဖေဖော်ဝါရီ ၂၂ ရက်တွင် အစိုးရဖွဲ့သွားရန် သဘောတူထားပြီးဖြစ်ကြောင်း၊ အခြားအချက်များကိုလည်း ဆွေးနွေးဆဲ ဖြစ်ကြောင်း ပြဿနာအားလုံး ဖြေရှင်းနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ရိခ်မာချာက ကီရာနှင့် တွေ့ဆုံမှုအပြီး ပြောကြားခဲ့သည်။ ၂၀၁၁ ခုနှစ်လွတ်လပ်ရေးရပြီးချိန်မှ စတင်ကာ တတိယအကြိမ်မြောက် ပူးပေါင်းအစိုးရဖွဲ့စည်းရန် သဘောတူပြီးဖြစ်သည်ဟု သမ္မတက အတည်ပြုပြောကြားခဲ့သည်။
ယခင်နှစ်ကြိမ် ပူးပေါင်းအစိုးရဖွဲ့ စည်းခြင်းမှာ အောင်မြင်မှုမရရှိဘဲ ပဋိပက္ခများနှင့်သာ အဆုံးသတ်ခဲ့ရသည်။ သမ္မတတစ်ဦးအနေဖြင့် ဒုတိယသမ္မတကိုလည်း ခန့်အပ်ခွင့်ရှိကြောင်း ရိခ်မာချာကို ဖေဖော်ဝါရီ ၂၁ ရက်တွင် ရာထူးခန့်အပ်ပြီး ဖေဖော်ဝါရီ ၂ ရက်တွင် အစိုးရသစ် ဖွဲ့စည်းသွားမည်ဟု သမ္မတက ပြောကြားခဲ့သည်။ ယခု ပြောင်းလဲမှုသည် ငြိမ်းချမ်းရေးကို သယ်ဆောင်လာမည်ဟုလည်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
ယခုကဲ့သို့ ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းနိုင်ခြင်းသည် ၂၀၁၈ခုနှစ် စက်တင်ဘာလအတွင်းက ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေးစာချုပ်၏ နောက်ဆက်တွဲရလဒ်ပင်ဖြစ်သည်။ တောင်ဆူဒန်နိုင်ငံတစ်လွှား ကုလသမဂ္ဂ၏ အကာအကွယ်အောက်တွင် နေထိုင်ကြသည့် လူပေါင်း ၁၉၀၀၀၀ ကိုလည်း ငြိမ်းချမ်းရေးရောင်ခြည် သန်းလာပြီဖြစ်သည့်အတွက် ယာယီတဲစခန်းများမှထွက်လာရန် သမ္မတက တိုက်တွန်းပြောကြားခဲ့သည်။
အေအက်ဖ်ပီ


