တိုကျို ၂၁  ဖေဖော်ဝါရီ

 

ဂျပန်နိုင်ငံ ဟိုကိုင်းဒိုးပြည်နယ် မြောက်ပိုင်းတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ကလေးငယ် သုံးဦး ယနေ့ အသစ်ထပ်မံတွေ့ရှိခဲ့ကြောင်း တာဝန်ရှိသူများက ဆိုသည်။


အဆိုပါ ကလေးငယ်သုံးဦးအနက် နှစ်ဦးသည် မူလတန်းကျောင်းသားများဖြစ်သည်။ တိုကျိုမြို့ မြောက်ပိုင်းရှိ ဆိုင်တာမာပြည်နယ်မှ ကလေးငယ်တစ်ဦးသည် ဗိုင်းရပ်စ်ပိုးကူးစက် ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။ လွန်ခဲ့သောလက ၎င်းသည် တရုတ်နိုင်ငံ ဝူဟန်မြို့မှ ပြန်လည်ရောက်ရှိလာသူ ဖြစ်သည်။ သူ၏ ဖခင်သည်လည်း တရုတ်နိုင်ငံတွင် နေထိုင်ခဲ့သူ တစ်ဦးဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိရသည်။

 

ဖေဖော်ဝါရီ ၂၁ ရက်မှတ်တမ်းများအရ တိုကျိုမြို့အပါအဝင် ချီဘာနှင့် အီရှီကာဝါ ပြည်နယ်များတွင် ဗိုင်းရပ်စ်ကူးစက်ခံရသူ ငါးဦး အသစ်ထပ်မံတွေ့ရှိရသည်။


အသစ်ထပ်မံတွေ့ရှိသော ကူးစက်ခံရမှု ပမာဏကြောင့် ဂျပန်နိုင်ငံတစ်ဝန်း ဗိုင်းရပ်စ် ကူးစက်ခံရသူအရေအတွက် ၇၃၇ ဦးအထိ မြင့်တက်သွားခဲ့သည်။ ယင်းတို့အနက် အပျော်စီး သင်္ဘောပေါ်မှ ၆၃၄ ဦးပါဝင်သည်။

 

ကိုးကား-အင်န်အိတ်ခ်ျကေ
ဘာသာပြန်-အောင်ကျော်ကျော်