ကျောက်ပန်းတောင်း  ၂၂   ဖေဖော်ဝါရီ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့ ကျောက်ပန်းတောင်း-မိတ္ထီလာသွားကားလမ်း မိုင်တိုင်(၅၅/၃)အနီး Famous စက်သုံးဆီအရောင်းဆိုင်ရှေ့တွင်၊ ဖေဖော်ဝါရီ(၂၁)ရက်နေ့ ည ၁၀ နာရီခွဲအချိန်က ကားနှင့်ဆိုင်ကယ်တိုက်မှု ဖြစ်ပွားရာ၊ မော်တော်ဆိုင်ကယ် စီးနင်းလာသူမှာနေရာတွင်ပင် သေဆုံးခဲ့ပြီး၊ ယာဉ်မောင်းမှာထွက်ပြေး တိမ်းရှောင်နေကြောင်း သိရသည်။

ဖြစ်စဉ်မှာ ကျောက်ပန်းတောင်းမြို့မရဲစခန်းမှ ဒုတိယရဲအုပ်ဝင်းဇော်ဟိန်းနှင့် တပ်ဖွဲ့ဝင်များသည်၊ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ၊ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ၊ ကျောက်ပန်းတောင်းမြို့နယ် အင်တောကျယ်ကျေးရွာ၊ ကျောက်ပန်းတောင်း-မိတ္ထီလာ သွားကားလမ်း၊  မိုင်တိုင်အမှတ်(၅၅/၃)အနီး၊ Famous စက်သုံးဆီ အရောင်းဆိုင်ရှေ့တွင် ကျောက်ပန်းတောင်းဘက်မှ မိတ္ထီလာဘက်သို့ သန်းဇော် စီးမောင်းလာသောဆိုင်ကယ်နှင့် မိတ္ထီလာဘက်မှ ကျောက်ပန်းတောင်းဘက်သို့ အမည်/ယာဉ်အမျိုးအစား (စိစစ်ဆဲ) မောင်းနှင်လာသော မော်တော်ယာဉ်တို့ အရှိန်အထိမ်းနိုင်ဘဲ လမ်းမ အလယ်တွင် မျက်နှာချင်းဆိုင် တိုက်မိခဲ့သဖြင့် ဆိုင်ကယ်စီးမောင်းလာသူ သန်းဇော်တွင် နဖူးယာဘက် ပွင့်ထွက်ဒဏ်ရာ၊ မေးစေ့ ယာဘက်ပွင့်ထွက် ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး၊ မော်တော်ကား မောင်းနှင်သူမှာ ယာဉ်နှင့်အတူ ထွက်ပြေးတိမ်းရှောင်သွားကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်မဆင်မခြင်မောင်းနှင်သူများဖြစ်ကြသော သန်းဇော်နှင့်မော်တော်ယာဉ် မောင်းနှင်သူ(စိ စစ်ဆဲ)တို့(၂)ဦးအား ကျောက်ပန်းတောင်းမြို့မရဲစခန်းမှ ယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)