ရေတာရှည် ၂၂ ဖေဖော်ဝါရီ
နေပြည်တော်-ရန်ကုန် အမြန်လမ်းမကြီး အစုန်လမ်းအတိုင်းမောင်းနှင်လာသော ယာဉ်ငယ်တစ်စီး ဖေဖော်ဝါရီ ၂၂ ရက်နေ့ နံနက် ၈ နာရီ ၂၀ မိနစ်အချိန်ခန့်က မိုင်တိုင် ၁၅၂/၄ နှင့် ၅ အကြားတွင် ရှေ့ဝဲဘက်ဘီးပေါက်ပြီး တိမ်းမှောက်သွားခဲ့ရာ လိုက်ပါလာသူအမျိုးသားတစ်ဦးသေဆုံး၍ အမျိုးသား ၃ ဦး ဒဏ်ရာများရှိခဲ့ကြောင်း သိရှိရသည်။
သတင်းအရ ဇီးပင်သာအမြန်းလမ်းရဲစခန်းမှ ခေတ္တစခန်းမှူး ဒုရဲအုပ် စိုးညွန့်ဌေး နှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ နေပြည်တော် မှ ရန်ကုန်ဘက်သို့ နေဇော် ၃၃ နှစ် မောင်းနှင်ပြီး အမျိုးသား ၄ ဦး၊ အမျိုးသမီးတစ်ဦး လိုက်ပါလာသော ယာဉ်သည် အခင်းဖြစ်နေရာအရောက် ရှေ့ဝဲ ဘက်ဘီးပေါက်သွားခဲ့ပြီးနောက် လမ်းလယ်ကျွန်းပေါ်ကို အရှိန်လွန်တိမ်းမှောက်သွားခဲ့ခြင်းဖြစ်သည်။
ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်တွင်လိုက်ပါလာကြသည့် ယာဉ်မောင်းအပါအဝင် အမျိုးသား သုံးဦးဒဏ်ရာများရရှိခဲ့ပြီး ကိုကျော်မင်းအောင်မှာ ရရှိသောဒဏ်ရာများဖြင့် သေဆုံးခဲ့သဖြင့် ယာဉ်မောင်း နေဇော်အား ဇီးပင်သာအမြန် လမ်းရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
ကိုလွင်(ဆွာ)


