ကလျာမိုးမြင့် - ရေးသားသည်
ပြီးခဲ့တဲ့ တစ်နှစ်ကျော်ကာလမှာ သင့်အနေနဲ့ လုပ်ဖော် ကိုင်ဖက်တွေနဲ့ စကားစမြည်ပြောတဲ့အခါ ဘိုးရင်းဆိုတဲ့ စကားလုံးပါခဲ့မယ်ဆိုရင်အဖြစ်နိုင်ဆုံးကအဲဒီအကြောင်း အရာဟာ ဘိုးရင်းရဲ့ ၇၃၇ မက်စ်လေယာဉ်အကြောင်းက လွဲလို့ တခြားမရှိနိုင်ပါဘူး။
ဘိုးရင်းရဲ့ သတင်းကောင်း
၇၃၇ မက်စ်လေယာဉ် နှစ်စင်း မတော်တဆပျက် ကျမှုဖြစ်ခဲ့ပြီးတဲ့နောက်မှာ ဘိုးရင်းရဲ့ ခက်ခဲစွာ ရုန်းကန်ရ တဲ့ အခြေအနေကိုရောက်ရှိခဲ့တာကြောင့် ကမ္ဘာ့ရောင်း အားအကောင်းဆုံး ခရီးသည်တင်လေယာဉ်ရဲ့ နောက် မျိုးဆက်တွေကို ဆက်လက် ပျံသန်းခွင့်မရတော့ဘဲ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ရပ်နားထားခဲ့ရပါတယ်။ သို့သော်လည်းပဲ မကြာသေးခင်ကတော့ အမေရိကန် လေယာဉ်ထုတ်လုပ်ရေးကုမ္ပဏီကြီးဖြစ်တဲ့ ဘိုးရင်းရဲ့ ၇၇၇အိတ်စ် အမျိုးအစားလေယာဉ် ပထမဆုံး စမ်းသပ် ပျံသန်းမှုအောင်မြင်ခဲ့တယ်ဆိုတဲ့ သတင်းကောင်းအချို့ ကို ကြားသိခဲ့ရပါတယ်။
ဦးစားပေးအချက်
ဆီယက်တဲလ်မှာ အခြေစိုက်ထားတဲ့ဘိုးရင်းကုမ္ပဏီဟာ ၇၃၇ မက်စ်လေယာဉ်နဲ့ ပတ်သက်ပြီး လုံခြုံမှု အာမခံချက်ပေးနိုင်ရေးနဲ့ လေယာဉ်ကို ဦးစိုက်ထိုးဆင်းမှု ကို ထိန်းချုပ်တဲ့စနစ်(MCAS) ဘေးကင်းစွာလုပ်ငန်း ဆောင်ရွက်နိုင်စေဖို့အပြင် လေကြောင်းလိုင်းတွေအနေနဲ့ အနာဂတ်မှာ ဘိုးရင်းလေယာဉ်တွေ အော်ဒါမှာယူမှု ရွှေ့ဆိုင်းမသွားစေဖို့ဆိုတဲ့ အချက်တွေကို အဓိက ဦးစားပေးပြီး အလေးအနက်ထားကြိုးပမ်းနေခဲ့ပါတယ်။
လုံခြုံရေးဆိုင်ရာ စိုးရိမ်ကြောင့်ကြရမှုတွေ၊ နှောင့်နှေးကြန့်ကြာမှုတွေဆက်တိုက်ဆိုသလို ဖြစ်ခဲ့ရပြီး ၇၃၇ မက်စ်လေယာဉ်တွေကို ယာယီထုတ်လုပ်မှု ရပ်ဆိုင်းခဲ့ရပေမယ့်လည်း ၇၃၇ မက်စ်လေယာဉ်တွေ ပုံမှန်အတိုင်းပျံသန်းပြေးဆွဲမှုတွေ ပြန်လည်စတင်နိုင်ဖို့ နီးကပ်လာပြီလို့ ဘိုးရင်းကုမ္ပဏီတာဝန်ရှိသူတွေကမေးမြန်းမှုတွေကို ဖြေကြားခဲ့တာဖြစ်ပါတယ်။
အသိအမှတ်ပြုဖို့ စောင့်ဆိုင်းနေ
ကမ္ဘာတစ်ဝန်းက ဘိုးရင်းလေယာဉ်ရောင်းချသူ အနေနဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး ပြင်းထန်တဲ့ သက်ရောက်မှု တွေကို ခံစားရကောင်း ခံစားရနိုင်ပေမယ့်လည်း ၇၃၇ ၊ မက်စ်လေယာဉ် ထုတ်လုပ်မှုအပိုင်းမှာ ဆက်စပ်ပါဝင်နေတဲ့ ဝန်ထမ်းအလုပ်သမားတစ်ယောက်ကိုမှ အလုပ်ကနေ ထုတ်ပယ်ဖို့မရှိဘူးလို့ သိရပါတယ်။ ပုံမှန်အားဖြင့် ဆိုရင်လေယာဉ်ထုတ်လုပ်တဲ့ကုမ္ပဏီတွေဟာ လေယာဉ်တွေကို ပေးပို့ပြီး နောက်မှာမှလေယာဉ်အတွက် ငွေပေး ချေမှုကို လက်ခံရရှိကြတယ်။ အခုအခါမှာတော့ အချိန် တွေ အလဟဿ ကုန်ဆုံးပြီး သောင်တင်နေခဲ့ရတဲ့ ဘိုးရင်း ၇၃၇ မက်စ် လေယာဉ်တွေဟာ ပြန်ပြီးအသိအမှတ်ပြုခံရဖို့ ကို စောင့်ဆိုင်းနေကြပါတယ်။
ယုံကြည်မှုရှိရဲ့လား
ဒီတစ်ခါမှာ ပေါ်ထွက်လာမယ့် မေးခွန်းတွေကတော့ လေကြောင်းလိုင်းတွေအနေနဲ့ ဘိုးရင်းရဲ့ လေယာဉ်တွေ ကို အမှန်တကယ် လက်ခံလိုစိတ်ရှိရဲ့လားဆိုတာနဲ့ ခရီးသည်တွေအနေနဲ့ အဲဒီလေယာဉ်တွေပေါ်မှာ စီးနင်း လိုက်ပါဖို့ ယုံကြည်မှုရှိမရှိဆိုတဲ့ မေးခွန်းတွေဖြစ်လာ နိုင်ပါတယ်။ ဘိုးရင်းဟာ ကနဦးမှာ တစ်လလျှင် ၇၃၇ မက်စ်လေယာဉ်ကိုယ်ထည်ပေါင်း ၄၂ ခုအထိ လျှော့ချခဲ့ရပြီး အခုလက်ရှိမှာဆိုရင် ဝါရှင်တန်ရှိ ရန်တန်မှာ ထုတ်လုပ်မှု အားလုံးကို ရပ်ဆိုင်းထားခဲ့ရပြီ ဖြစ်ပါတယ်။
၂၀၁၉ ခုနှစ် မတ်လကနေ စတင်ရပ်ဆိုင်းထားခဲ့ရတဲ့ မက်စ်လေယာဉ်တွေ ပြန်လည် ပျံသန်းပြေးဆွဲမှုနဲ့ ပတ်သက်ပြီး ဘိုးရင်းက လတ်တလောမှာတော့ တိုက်ရိုက်ဖော်ပြမှုတစ်ခုခုလုပ်ဆောင်ခြင်း မရှိသေးပါဘူး။ မတူညီတဲ့စံနှုန်းတွေနဲ့ လေကြောင်းပျံသန်းမှုတွေလုပ်ဆောင်နေကြတဲ့ အမေရိကန်လေကြောင်းကုမ္ပဏီတွေ ဖြစ်ကြတဲ့ Southwest နဲ့ American Airlines တွေ ဆိုရင် လာမယ့် ၂၀၂၀ ဇူလိုင်လမတိုင်ခင်အထိ ဘိုးရင်း ၇၃၇ မက်စ်လေယာဉ်ပျံသန်းမယ့် အစီအစဉ်တွေကို ပယ်ဖျက် ထားတာ ဖြစ်ပါတယ်။
ထုတ်လုပ်မှုပြန်စဖို့ အရှိန်ယူ
ဘိုးရင်းရဲ့ စီအီးအိုအသစ်ဖြစ်တဲ့ ဒေ့ဗ်ကယ်လ်ဟွန်း ကကုမ္ပဏီဝန်ထမ်းတွေဆီ ရေးသားခဲ့တဲ့ အီးမေးလ်မှာ ကုမ္ပဏီဟာ ဝယ်လိုအားကွင်းဆက်နဲ့ လုပ်သားအင်အား ဆိုင်ရာ ကျွမ်းကျင်မှုကို ဆက်လက်ထိန်းသိမ်းထားဖို့ ဆက်လက် အရှိန်ယူလုပ်ဆောင်နေပြီဖြစ်ပြီး ဒါကြောင့် လေယာဉ်ထုတ်လုပ်ရေးပြန်စဖို့အတွက် အသင့် အနေ အထားဖြစ်နေပြီလို့ ဖော်ပြထားတာကို တွေ့ရပါတယ်။
ဇန်နဝါရီ ၂၁ ရက်က ဘိုးရင်းကုမ္ပဏီရဲ့ ထုတ်ပြန်ချက် ထဲမှာ ကုမ္ပဏီအနေနဲ့ ၂၀၂၀ ပြည့်နှစ်အလယ်လောက်မှာ ၇၃၇ မက်စ်လေယာဉ်တွေဆက်ပြီးသောင်တင်မနေတော့ဘဲ ပျံသန်းပြေးဆွဲမှုတွေ လုပ်ဆောင်နိုင်လိမ့်မယ်လို့ မျှော်မှန်းထားတယ်လို့ သိရပါတယ်။
တိုးတက်ဖြစ်ထွန်းမှုရှိ
ဘိုးရင်းအနေနဲ့ ၇၃၇ မက်စ်လေယာဉ် ဆော့ဖ်ဝဲကို တရားဝင်အသိအမှတ်ပြုဖို့နဲ့ လေယာဉ်နဲ့ဆက်စပ်တဲ့ လေ့ကျင့်မှုတွေပြုပြင်မွမ်းမံဖို့ ပြင်ဆင်ထားတဲ့ လုပ်ငန်း စဉ်တွေနဲ့ပတ်သက်လို့ ဖက်ဒရယ် လေကြောင်းအာဏာ ပိုင်အဖွဲ့အစည်း (FAA နဲ့ တခြားသော နိုင်ငံတကာဆိုင်ရာ တရားဝင်ထိန်းသိမ်းရေးအဖွဲ့အစည်းတွေနဲ့ အတူတကွ လက်တွဲလုပ်ဆောင်နေတာဖြစ်လို့ ၇၃၇ မက်စ်လေယာဉ်တွေ ဘေးကင်းစွာ ပြန်လည်ပျံသန်းနိုင်စေဖို့ အထောက် အကူဖြစ်မယ့် သိသာထင်ရှားတဲ့ တိုးတက် ဖြစ်ထွန်းမှုတွေကို ပြီးခဲ့တဲ့ လအနည်းငယ်အကြာမှာပဲ လုပ်ဆောင် နိုင်ခဲ့တယ်လို့ ဘိုးရင်းက ဆက်လက်ဖော်ပြ ထားပါတယ်။ အပျက်အစီးတွေ့ဒီရက်ပိုင်းမှာပဲ ဘိုးရင်းလေယာဉ်နဲ့ ပတ်သက်တဲ့ သတင်းတစ်ခု ထပ်မံပေါ်ထွက်လာခဲ့ပါတယ်။ ဘိုးရင်း ကုမ္ပဏီက ပေးပို့ရခြင်းမရှိသေးတဲ့ ၇၃၇မက်စ်လေယာဉ်ရဲ့ လောင်စာကန်တွေထဲမှာ အပျက်အစီးကို တွေ့ရတယ် လို့ဆိုထားပြီး ဒီကိစ္စက လေယာဉ် တွေရဲ့ အရည်အသွေး ထိန်းချုပ်မှုပိုင်းဆိုင်ရာ ပြဿနာကိုဖြေရှင်းဖို့ ကုမ္ပဏီရဲ့ ကြိုးပမ်းမှုကို အဟန့်အတား ဖြစ်စေခဲ့ပါတယ်။
ဝါရှင်တန်နဲ့ တက္ကဆက်ပြည်နယ်တွေမှာရှိတဲ့ စက်ရုံတွေမှာရပ်နားထားတဲ့အရေအတွက်ဘယ်လောက်မှန်း မသိရတဲ့ ဂျက်လေယာဉ်တွေထဲမှာ အပျက်အစီး ရှိနေတာကို တွေ့ခဲ့ရခြင်းဖြစ်ပါတယ်။ လေယာဉ်ရဲ့ ပျံသန်းမှုထိန်းချုပ်တဲ့ဆော့ဖ်ဝဲနဲ့ လေ့ကျင့်ရေးပိုင်းဆိုင်ရာ တွေမှာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ပြီးတဲ့နောက် မက်စ်လေယာဉ်တွေကို ပြန်လည် ပျံသန်းပြေးဆွဲနိုင်ဖို့ အတွက် တရားဝင် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့အစည်း တွေထံက ခွင့်ပြုချက်ကို စောင့်ဆိုင်းနေတယ်ဆိုတဲ့ အချိန်မှာပဲ ဒီကိစ္စက ဖြစ်လာခဲ့တာပါ။
အဟန့်အတားဖြစ်လာနိုင်မလား
ဘိုးရင်းကုမ္ပဏီကတော့ ၎င်းအနေနဲ့ အခုနောက်ဆုံး တွေ့ရတဲ့ လောင်စာကန်ထဲက အပျက်အစီးကိစ္စဟာ လေယာဉ်တွေ လုပ်ငန်းပြန်စရေးမှာ ပြဿနာတစ်ခု ဖြစ်လာနိုင်တယ်လို့ မထင်မိဘူးလို့ ဆိုပါတယ်။ ပုံမှန် လုပ်ဆောင်နေကျ စစ်ဆေးမှုတွေ ဆောင်ရွက်နေချိန် အတွင်းမှာပဲ အပျက်အစီးကို တွေ့ခဲ့တာဖြစ်တယ်လို့ ဆိုထားပေမယ့် လေယာဉ်အစင်းပေါင်းဘယ်နှစင်းအထိ ဒါမျိုးတွေ့ရှိရတယ်ဆိုတာကို အသေးစိတ်ဖော်ပြခြင်း မရှိပါဘူး။ ဒီကိစ္စကို လေကြောင်းသတင်းတွေဖော်ပြတဲ့ သတင်းစာမျက်နှာတစ်ခုဖြစ်တဲ့ leeham.net မှာ အရင်ဆုံး ဖော်ပြခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ။
ကိုးကား-ဖောက်စ် နယူး


