၂၄ ဖေဖော်ဝါရီ
အီရန်နိုင်ငံနှင့်အိမ်နီးချင်း တူရကီနိုင်ငံတို့တွင် ယမန်နေ့မနက်ပိုင်းက ပြင်းအား ၅ ဒသမ ၇ ပမာဏရှိ ငလျင်လှုပ်ခတ်ခဲ့သဖြင့် ကလေးများ အပါအဝင် လူကိုးဦးထက်မနည်း သေဆုံးခဲ့သည်ဟု သိရသည်။
အဆိုပါ ငလျင်သည် တူရကီနိုင်ငံနှင့်နယ်နိမိတ်ချင်း ထိစပ်နေသော အီရန်နိုင်ငံ အနောက်ပိုင်း အဇာဘိုင်ဂျန်ပြည်နယ်တွင် ဗဟိုပြုလှုပ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု အမေရိကန်ဘူမိဆိုင်ရာ ဆန်းစစ်လေ့လာချက်က ဆိုသည်။ ထိုငလျင်မှာ မြေအောက်အနက် ၆ ဒသမ ၄ ကီလိုမီတာတွင် လှုပ်ခတ်သွားသည်။
ယင်းငလျင်လှုပ်ခတ်မှုကြောင့် ကလေးလေးဦး အပါအဝင် လူ ကိုးဦး သေဆုံးခဲ့ပြီး အခြား ၃၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တူရကီ ပြည်ထဲရေးဝန်ကြီး ဆူလေမန်ဆွိုင် က ပြောကြားခဲ့သည်။
ငလျင်ဒဏ်ကြောင့် တူရကီနိုင်ငံ အရှေ့ပိုင်း ဗန်ပြည်နယ်တွင် လူနေအိမ်အများအပြား ပြိုကျခဲ့သည်။ဆီးနှင်းထဲတွင် ပြိုကျခဲ့သည့် အဆောက်အဦများအောက်တွင် ပိတ်မိနေသူများကို ကယ်ဆယ်ရန် လူအများ ကြိုးစားလုပ်ဆောင်နေပုံကို ဗွီဒီယိုဖိုင်တွင် ပြသထားသည်။
အီရန်နိုင်ငံပိုင် သတင်းအေဂျင်စီက အီရန်နိုင်ငံတွင် ငလျင်ဒဏ်ကြောင့် ဒဏ်ရာရသူ ၇၅ ဦး ရှိကြောင်း ဖော်ပြထားသည်။
၂၀၁၂ ခုနှစ်က အီရန်နိုင်ငံ အနောက်မြောက်ပိုင်းတွင် အင်အားပြင်း ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် လူ ၃၀၀ ကျော် သေဆုံးခဲ့သည်။
ပြီးခဲ့သည့် လကလည်း တူရကီနိုင်ငံအရှေ့ပိုင်းတွင် ပြင်းအား ၆ ဒသမ ၇ ပမာဏရှိ ငလျင်လှုပ်ခတ်မှုကြောင့် လူ ၄၁ ဦး သေဆုံးခဲ့သည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို


