၂၄ ဖေဖော်ဝါရီ
ပြီးခဲ့သည့် သောကြာနေ့က ကျင်းပခဲ့သော ရွေးကောက်ပွဲအပြီးတွင် ကွန်ဆာဗေးတစ် သဘောထားတင်းမာသူများသည် အီရန် ပါလီမန်တွင် အမတ်နေရာ ၇၀ ရာခိုင်နှုန်းခန့် အနိုင်ရရှိခဲ့သည်။ ပြည်ထဲရေးဝန်ကြီးဌာနက မဲရေတွက်မှု ရလဒ်ကို ယမန်နေ့က ကြေညာခဲ့သည်။
အမေရိကန်ပြည်ထောင်စုကို ဆန့်ကျင်ရန် စည်းရုံးလှုံ့ဆော်သော ကွန်ဆာဗေးတစ် သဘောထားတင်းမာသူများသည် အမတ်နေရာ ၂၉၀ တွင် ၂၁၀ ကျော် အနိုင်ရရှိခဲ့သည်။
အီရန်သမ္မတ ဟတ်ဆန် ရိုဟာနီ ကို ထောက်ခံအားပေးသော ပြုပြင်ပြောင်းလဲရေးသမားများနှင့် အလယ်အလတ်သမားများက အမတ်နေရာ ၂၀ ခန့် အနိုင်ရရှိသည်။
ရိုဟာနီသည် နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် အပြန်အလှန်ဆွေးနွေးမှုကို နှစ်သက်ပြီး ၎င်း၏ထောက်ခံသူများသည် စိန်ခေါ်မှုများစွာနှင့် ရင်ဆိုင်နေရသည်။
၂၀၁၅ ခုနှစ် နျူကလီးယားသဘောတူညီချက်မှ အမေရိကန် နှုတ်ထွက်ခဲ့ပြီးနောက်ပိုင်း အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့မှုများကြောင့် အီရန်နိုင်ငံ၏ စီးပွားရေး ပိုမိုဆိုးရွားလာခဲ့သည်။
မဲပေးသူအရေအတွက်မှာ ၄၂ ရာခိုင်နှုန်းကျော်သာရှိပြီး ၁၉၇၉ ခုနှစ် အီရန် အစ္စလာမ္မစ် တော်လှန်ရေးနောက်ပိုင်း မဲပေးသူ အရေအတွက် အနည်းဆုံးဖြစ်သည်။ ကိုရိုနာ ဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားမှု ကြောင့် မဲရုံများသို့ သွားရောက်ခြင်းမပြုရန် တားမြစ်သည့် ပြည်ပမီဒီယာ သတင်းဖော်ပြမှုကို အီရန် ဘာသာရေးခေါင်းဆောင် အလီ ခါမေနီ က ဝေဖန်ပြစ်တင်ခဲ့သည်။
မဲဆန္ဒရှင် တော်တော်များများက ၎င်းတို့၏ အစိုးရအပေါ် မကျေနပ်သဖြင့် မဲမပေးရန်ဆုံးဖြတ်ခဲ့ကြသည်ဟု ပြောကြားခဲ့သည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို


