ရေတိမ်ဆိုတာ မျက်လုံးထဲမှာရှိတဲ့ အာရုံကြောကို ထိခိုက်စေတဲ့ ရောဂါအခြေအနေတစ်မျိုးပါ။ မျက်လုံးထဲမှာ အကြောင်းတစ်စုံတစ်ရာကြောင့် ဖိအားများလာတဲ့အခါ အာရုံကြောကို ဖိမိပြီး ပျက်စီး တတ်ပါတယ်။ သိပ်ပြင်း ထန်လွန်းရင် အမြင်အာရုံ လုံးဝဆုံးရှုံးတာမျိုးလည်းဖြစ်နိုင်ပါတယ်။ ရေတိမ်ရှိတဲ့သူ တော်တော်များများဟာနာတာ၊ တခြားလက္ခဏာ ခံစားရတာမျိုးမရှိပါဘူး။ တဖြည်းဖြည်းချင်း ပိုဆိုးလာပြီး နောက်ဆုံးအမြင်အာရုံ လုံးဝကွယ်သွားတာပါ။ ဒီလိုကွယ်သွားပြီးရင် ပြန်မကောင်း လာနိုင်တဲ့အတွက် စောစောသိ စောစောကုနိုင်ဖို့လိုပါတယ်။
ဘာလို့ ရေတိမ် ဖြစ်တာလဲ
ရေတိမ်ဆိုတာ မျက်လုံးအာရုံကြော ပျက်စီးရာကနေ ဖြစ်လာတာပါ။ အာရုံကြောက တဖြည်းဖြည်း ပျက်စီး လာတဲ့အတွက် အမြင်အာရုံထိခိုက်လာပါတယ်။ ဘာကြောင့်လဲဆိုတာ အတိအကျ မပြောနိုင်ပေမယ့် ဒီလိုအာရုံကြော ပျက်စီးတာက မျက်လုံးထဲမှာ ဖိအားများလာတာနဲ့ ဆက်စပ် နေပါတယ်။
ဒီလိုဖိအားများလာရတာကတော့ မျက်လုံးထဲမှာရှိတဲ့ အရည်ကြည်တွေ များလာလို့ပါပဲ။ ပုံမှန်ဆိုရင် ဒီအရည်တွေက မျက်ကြည်လွှာနဲ့ မျက်ဆံကြားမှာရှိတဲ့ တောင့်ကနေ ထွက်သွားတာပါ။ အရည်ထုတ်တာ များရင်ပဲဖြစ်ဖြစ်၊ အရည်ထွက်သွားတဲ့နေရာက ကောင်းကောင်းအလုပ်မလုပ်ရင်ပဲဖြစ်ဖြစ် အရည်တွေ စုလာပြီး မျက်လုံးထဲက ဖိအားတွေများလာပါတယ်။
ရေတိမ်က မျိုးရိုးလိုက်တတ်ပါတယ်တဲ့။ တချို့မျိုးဗီဇတွေက မျက်လုံးတွင်းဖိအားများတာ၊ မျက်လုံး အာရုံကြောပျက်စီးတာနဲ့ ဆက်စပ်နေပါတယ်။
ရေတိမ် ဘယ်နှစ်မျိုးရှိလဲ
အဓိကအားဖြင့်တော့ နှစ်မျိုးရှိပါတယ်
• ထောင့်ပွင့်ရေတိမ် (Open-angle glaucoma)
အဖြစ်အများဆုံးရေတိမ်အမျိုးအစားပါ။ ထောင့်ကျယ်ရေတိမ်လို့လဲ ခေါ်ကြပါတယ်။ မျက်လုံးထဲမှာရှိတဲ့ ပြွန်ကကောင်းနေပေမယ့် အရည်ကတော့ ကောင်းကောင်းမစီးပါဘူး။
• ထောင့်ပိတ်ရေတိမ် (Angle-closure glaucoma)
အာရှသားတွေ အဖြစ်များတဲ့ အမျိုးအစားပါ။ ထောင့်ကျဉ်းရေတိမ်လို့လဲခေါ်ပါတယ်။ မျက်ကြည်လွှာနဲ့ မျက်ဆံကြားက အရည်စွန့်တဲ့နေရာက ကျဉ်းလွန်းတဲ့အတွက် မျက်လုံးထဲက အရည်တွေက ကောင်းကောင်း မထွက်နိုင်ပါဘူး။ ဒါကြောင့် မျက်လုံးထဲမှာ ဖိအားတွေများလာတာပါ။ ဒါပြင် အဝေးမှုန်တာ၊ အတွင်းတိမ်တွေနဲ့လည်း ဆက်စပ်နေပါတယ်။
တခြားအဖြစ်နည်းတဲ့ ရေတိမ်တွေကတော့
• ဖိအားမများဘဲဖြစ်တဲ့ရေတိမ်
• ကလေးတွေမှာဖြစ်တဲ့ရေတိမ်
• ရောင်ခြယ်ရေတိမ် (Pigmentary glacuoma) တွေပဲဖြစ်ပါတယ်။
ဘာလက္ခဏာတွေခံစားရတာလဲ
ရေတိမ်ရဲ့ လက္ခဏာတွေကတော့ ဘယ်အဆင့်ရောက်နေပြီလဲ။ ဘယ်အမျိုးအစားလဲပေါ်မူတည်ပြီး ခံစားရတဲ့ လက္ခဏာတွေ ကွာသွားပါတယ်။
ထောင့်ပွင့်ရေတိမ် (Open-angle glaucoma)
• မျက်လုံးအလယ် ဒါမှမဟုတ် ဘေးမှာ အစက်အပြောက်တွေ မြင်ရတာ (နှစ်ဖက်လုံး ဖြစ်နိုင်ပါတယ်။)
• ရောဂါရင့် လာရင် လှိုဏ်ခေါင်းကို ကြည့်ရသလိုမျိုး ဘေးတွေမမြင်ရဘဲ အလယ်ပဲမြင်ရတာ
ထောင့်ပိတ်ရေတိမ် (Angle-closure glaucoma)
• ပြင်းပြင်းထန်ထန်ခေါင်းကိုက်တာ
• မျက်လုံးအောင့်တာ
• ပျို့အန်တာ
• အမြင်ဝါးတာ
• မီးရောင်ကြည့်ရင်ဝါးနေတာ
• မျက်လုံးနီတာ
မကုဘဲထားမယ်ဆိုရင် ရေတိမ်ကြောင့် မျက်စိလုံးလုံးကွယ်သွားနိုင်ပါတယ်။ ရေတိမ်ရှိတဲ့သူတွေက ကုသပြီးရင်တောင်မှ ၁၅ ရာခိုင်နှုန်းက နှစ် ၂၀ အတွင်းမှာ မျက်လုံးတစ်ဖက်ကွယ်နိုင်ပါတယ်။
ဘယ်သူတွေပိုဖြစ်နိုင်လဲ
နာတာရှည် ရေတိမ်က ဘာလက္ခဏာမှမပြခင် အမြင်အာရုံဆုံးရှုံးနိုင်လောက်တဲ့အထိ ပြင်းထန်တဲ့ အတွက် အောက်က အချက်ရှိတဲ့သူတွေက သတိထားပြီး ပုံမှန်စစ်ဆေးပါ။
• မျက်လုံးတွင်းဖိအားများတဲ့သူတွေ
• အသက်၆၀ကျော်တွေ
• မိသားစုမျိုးရိုးရှိတဲ့သူတွေ
• နဂိုရောဂါအခံရှိတဲ့သူတွေ (ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါ၊ sickle cell anaemia)
• မျက်ကြည်လွှာအလယ်မှာ ပိုပါးတဲ့သူတွေ
• အနီးမှုန်၊ အဝေးမှုန်ဆိုးတဲ့သူတွေ
• မျက်လုံးတစ်ခုခုထိခိုက်မိတဲ့သူတွေ၊ မျက်စိခွဲစိတ်နေတုန်း ထိခိုက်မိတဲ့သူတွေ
• စတီးရွိုက်ပါတဲ့ မျက်စဉ်းဆေးတွေကို အချိန်အကြာကြီးသုံးတဲ့သူတွေ
ဘယ်လိုကာကွယ်ကြမလဲ
ရေတိမ်မဖြစ်အောင်ကာကွယ်လို့မရပါဘူး၊ ဒါပေမယ့် စောစောသိအောင်တော့ လုပ်လို့ရပါတယ်။
• မျက်လုံးကို ပုံမှန်စစ်ဆေးပါ
ရေတိမ်ကစောစောသိလို့ စောစောကုနိုင်ရင် ပိုကောင်းပါတယ်။ ဒါကြောင့် အသက်၄၀ကျော်၊ ရေတိမ်မျိုးရိုးလည်းရှိတယ်ဆိုရင် မျက်စိက်ု တစ်နှစ်တစ်ခါ စစ်ဆေးပါ။ ဆီးချို ဒါမှမဟုတ် တခြားမျက်စိ ရောဂါတစ်မျိုးမျိုးရှိတယ်ဆိုရင် ဒီထက်ပိုပြီ ခပ်စိပ်စိပ်စစ်ဆေးရပါမယ်။
• မိသားစုထဲမှရေတိမ်ဖြစ်ဖူးတဲ့သူရှိမရှိ သိအောင်လုပ်ထားပါ။
• ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းကို တစ်ပတ်၃ခါလောက်လုပ်တာကလည်း မျက်လုံးထဲက ဖိအားကို လျှော့စေပါတယ်။
• အားကစားလုပ်ရင်ပဲဖြစ်ဖြစ်၊ အိမ်ထဲမှာ တစ်ခုခုပြုပြင်မှုလုပ်ရင်ပဲဖြစ်ဖြစ် မျက်စိမထိခိုက်အောင် ကာကွယ်ပါ။
• မျက်လုံးမှာ ဖိအားများနေတာကို တွေ့ရင် ဆရာဝန်နဲ့ ညွှန်ကြားချက်ကို သေချာလိုက်နာပါ။
ရေးသားသူ Dr. Htet Htet Zaw Win
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”


