နယူးဒေလီ ၂၆ ဖေဖော်ဝါရီ  

ဒေါ်လာ ၃ ဘီလီယံကျော်တန်ဖိုးရှိ အမေရိကန်လုပ် ကာကွယ်ရေးပစ္စည်းများ ဝယ်ယူရန် အိန္ဒိယနိုင်ငံက သဘောတူခဲ့ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် အိန္ဒိယဝန်ကြီးချုပ် နုရန်ဒရာမိုဒီတို့သည် ယမန်နေ့က အနောက်ပိုင်းရှိ ဂူဂျာရတ်ပြည်နယ်၌ ပြည်သူ ၁၀၀၀၀၀ ခန့်ရှေ့မှောက်သို့ ရောက်ရှိလာခဲ့ပြီး နှစ်နိုင်ငံစလုံးမှ ကိုယ်စားလှယ်များ အနေဖြင့် ဒေါ်လာ ၃ ဘီလီယံကျော်တန်ဖိုးရှိ သဘောတူညီချက်များကို လက်မှတ်ရေးထိုးမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့သည်။ အိန္ဒိယနိုင်ငံက ယင်း၏ လက်နက်ကိုင်တပ်ဖွဲ့အတွက် စစ်ဘက်ရဟတ် ယာဉ်နှင့် အခြားစစ်လက်နက်ကိရိယာများ ဝယ်ယူမည်ဖြစ်သည်။ အမေရိကန်နှင့် အိန္ဒိယ နိုင်ငံတို့မှာ ရင်းနှီးမြှုပ်နှံမှုတွင် အဟန့်အတားများ လျှော့ချပေးမည့် ကုန်သွယ်ရေးသဘော တူညီချက်တစ်ရပ်နှင့်ပတ်သက်၍ ကနဦး အဆင့် ဆွေးနွေးမှုများ ပြုလုပ်နေသည်ဟု ဒေါ်နယ်ထရမ့်က ပြောသည်။

အမေရိကန်နိုင်ငံက အိန္ဒိယနိုင်ငံနှင့် ကုန်သွယ်မှုပြုလုပ်ရာတွင် လိုငွေအများအပြား ဖြစ်ပေါ်ခဲ့သည်။ အမေရိကန်နိုင်ငံသည် ပြီးခဲ့သည့်နှစ်က အိန္ဒိယနိုင်ငံထံ ပေးအပ်ထားသည့် ဦးစားပေးကုန်သွယ်ရေးအဆင့်ကို ပြန်လည်ရုပ်သိမ်းခဲ့သလို အိန္ဒိယနိုင်ငံကလည်း အမေရိကန်ထုတ်ကုန်များအပေါ် စည်းကြပ်ခွန်များ ထပ်မံသတ်မှတ်၍ လက်တုံ့ပြန်ခဲ့သည်။ သူနှင့်မိုဒီတို့က နှစ်နိုင်ငံစလုံးအတွက် အကျိုးရှိစေမည့် သဘောတူညီချက်တစ်ရပ်ရရှိမည်ဟု အကောင်းမြင်ကြောင်း ဒေါ်နယ်ထရမ့်ကပြောသည်။ အိန္ဒိယနိုင်ငံက အတိုင်းအတာတစ်ခု အထိ ဈေးကွက်ဖွင့်လှစ်ထားရန် အဆင်သင့်ရှိကြောင်း မိုဒီကဆိုသော်လည်း အသေးစိတ် အစီအစဉ်များကို မပြောကြားခဲ့ပေ။

အမေရိကန်နိုင်ငံအတွက် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကို ကုန်ထုတ်လုပ်မှုတိုးတက်လာမှုနှင့် အိန္ဒိယနိုင်ငံ၌ အခြေခံအဆောက်အဦနှင့် ဒစ်ဂျစ်တယ်စီးပွားရေး တိုးချဲ့လာမှုက ဖန်တီးပေးမည်ဟု မိုဒီကဆိုသည်။

ကိုးကား - အင်န်အိတ်ချ်ကေ 
ဘာသာပြန် - ကျော်ထိုက်စိုး