ဆိုးလ် ၂၆ ဖေဖော်ဝါရီ
တောင်ကိုရီးယားနိုင်ငံတွင် နိုဗယ်ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုသည် အလွန်စိုးရိမ်ဖွယ်ရာဖြစ်သည်ဟု သမ္မတမွန်ဂျေအင်း က ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဖြစ်ပွားရာ အဓိကနေရာသို့ သွားရောက်ကြည့်ရှုစစ်ဆေးစဉ် ပြောကြားခဲ့သည်။ နိုင်ငံအတွင်း၌ ဗိုင်းရပ်စ်ကူးစက်ခံရသူ အရေအတွက်သည် ၁၀၀၀ နီးပါးရှိလာသည်။
ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေး တောင်ကိုရီးယားဗဟိုဌာနက ရောဂါကူးစက်ခံရသည့် လူနာအသစ် ၁၄၄ ဦး ထပ်မံတိုးလာသည်ဟု အတည်ပြုခဲ့သဖြင့် လက်ရှိတွင် ရောဂါကူးစက်ခံရသူ စုစုပေါင်း ၉၇၇ ဦးအထိ ရှိလာသည်။ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု စတင်ဖြစ်ပေါ်ခဲ့သည့် တရုတ်နိုင်ငံ၏ပြင်ပ၌ ရောဂါကူးစက်ခံရမှု အများဆုံးနိုင်ငံဖြစ်လာသည်။
ကမ္ဘာပေါ်တွင် ၁၂ နိုင်ငံမြောက် စီးပွားရေးအင်အားကြီး နိုင်ငံဖြစ်သည့် တောင်ကိုရီးယားနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကြောင့် အခမ်းအနားပွဲများစွာ ဖျက်သိမ်းခြင်း၊ ရွှေ့ဆိုင်းခြင်း ပြုလုပ်ခဲ့ရသည်။
အဆိုပါ အခမ်းအနားများတွင် ကေပေါ့တေးဂီတဖျော်ဖြေပွဲများ၊ ကလိဂ်ဘောလုံး ရာသီစတင်ခြင်း အခမ်းအနားများ ပါဝင်သည်။
ရောဂါကူးစက်မှု၏ ၈၀ ရာခိုင်နှုန်းကျော်သည် တောင်ကိုရီးယားနိုင်ငံ၏ စတုတ္ထမြောက် အကြီးမားဆုံးမြို့ ဖြစ်သည့် ဒေဂူမြို့နှင့် အိမ်နီးချင်း ကျောင်ဆန်းပြည်နယ်တွင် ဖြစ်ပွားနေသည်။ ဒေဂူမြို့သို့ သွားရောက်သည့်ခရီးစဉ်တွင် သမ္မတမွန်ဂျေအင်းက ဗိုင်းရပ်စ်ကူးစက်မှုအခြေအနေသည် အလွန်စိုးရိမ်စရာကောင်းကြောင်း၊ ဤဗိုင်းရပ်စ်ကို တိုက်ဖျက်ရာတွင် မိမိတို့ အနိုင်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတစ်ဦး ပြီးခဲ့သည့် သီတင်းပတ်က အစည်းအဝေး တက်ရောက်ခဲ့သည်ဟု အတည်ပြုပြီးနောက် ပါလီမန်အဆောက်အဦကို သန့်ရှင်းရေးပြုလုပ်ရန်အတွက် ပိတ်ထားပြီးနောက် တောင်ကိုရီးယား ပါလီမန်သည် အင်္ဂါနေ့က အစည်းအဝေးများကို ဖျက်သိမ်းခဲ့သည်။
Korean Air လေကြောင်းလိုင်းကလည်း ၎င်းတို့၏ လေယာဉ်အမှုထမ်းအဖွဲ့သည် ကိုရိုနာဗိုင်းရပ်စ် ကူးစက် ခံရသည်ကို တွေ့ရှိရကြောင်း ပြောကြားသည်။ သို့သော်လည်း အသေးစိတ်ကို ပြောကြားခြင်းမရှိပေ။ လေယာဉ် ဝန်ထမ်းများသည် အစ္စရေးနိုင်ငံသို့ သွားရောက်ခဲ့သည့် တောင်ကိုရီးယား ဘုရားဖူးအဖွဲ့များထံမှ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရဖွယ်ရှိကြောင်း အစီရင်ခံချက်များတွင် ဖော်ပြသည်။
ကိုးကား - အေအက်ဖ်ပီ
ဘာသာပြန် - အောင်ဇော်လင်း


