၂၆ ဖေဖော်ဝါရီ
အာဖဂန်နစ္စတန်နိုင်ငံတွင် မကြာသေးမီက ပြန်လည်ရွေးကောက်တင်မြှောက်ခြင်းခံရသော အာဖဂန်သမ္မတ အက်ရှာဖ်ဂါနီ၏ ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနား ရွှေ့ဆိုင်းခဲ့သည်ဟု အမေရိကန်အစိုးရက ဆိုသည်။
အဆိုပါ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားကို မူလက ကြာသပတေးနေ့တွင် ပြုလုပ်ရန် စီစဉ်ထားကြောင်း အာဖဂန်မီဒီယာက ပြောကြားသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်ဂန် က ငြိမ်းချမ်းရေးအတွက် အမျိုးသားမူဘောင်တစ်ခု တည်ထောင်မှုဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်ပြီး အာဖဂန်နစ္စတန်သားများ အချိန်လုံလောက်မှုရှိစေရန် ထိုကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားကို ရွှေ့ဆိုင်းခဲ့ခြင်းဖြစ်ကြောင်း ယမန်နေ့က ပြောကြားခဲ့သည်။
အာဖဂန်သမ္မတရွေးကောက်ပွဲ ရလဒ်အပေါ် သဘောထားကွဲလွဲမှုများသည် တာလီဘန်နှင့်ငြိမ်းချမ်းရေး ဆွေးနွေးမှုများကို ခြိမ်းခြောက်လိမ့်မည် ဟူသော စိုးရိမ်မှုဖြင့် အမေရိကန်က ဂါနီအား ကျမ်းသစ္စာကျိန်ဆိုပွဲကို ရွှေ့ဆိုင်းစေလိုခဲ့သည်ဟု ရိုက်တာသတင်းအေဂျင်စီက ဆိုသည်။
စက်တင်ဘာလက ကျင်းပခဲ့သော သမ္မတရွေးကောက်ပွဲတွင် ဂါနီ အနိုင်ရရှိခဲ့ကြောင်း အာဖဂန်နစ္စတန်နိုင်ငံ၏ လွတ်လပ်သော ရွေးကောက်ပွဲကော်မရှင်က ဖေဖော်ဝါရီ ၁၈ ရက်နေ့တွင် ကြေညာခဲ့သည်။
သို့သော်လည်း ဂါနီ၏ အဓိက ပြိုင်ဘက်ဖြစ်သော အာဖဂန်နစ္စတန်အမှုဆောင်အရာရှိချုပ် အဗ္ဗဒူလ်လာ က ယင်းရလဒ်များကို ပယ်ချကာ ထိုရွေးကောက်ပွဲသည် အတုအယောင်ဖြစ်သည်ဟု ဆိုသည်။
အမေရိကန်အစိုးရ နှင့် တာလီဘန်တို့သည် အကြမ်းဖက်မှု ခုနစ်ရက်ကြာ လျှော့ချရေးကို သဘောတူညီခဲ့ကြသည်။ ထိုသဘောတူညီမှုရှိခဲ့ပါက ၎င်းတို့သည် စနေနေ့တွင် သဘောတူလက်မှတ်ရေးထိုးမည် ဖြစ်သည်။
ကိုးကား- အန်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို


