ကလျာမိုးမြင့်

အပတ်စဉ်တင်ဆက်နေကျဖြစ်တဲ့ ကမ္ဘာတစ်ခွင်ကစိတ်ဝင်စားဖွယ်ထူးခြားသတင်းတွေကို စာဖတ်သူတွေအတွက် ရှာဖွေစုစည်းထားပါတယ်။ ရွေးချယ်ထားတဲ့သတင်းတွေကတော့ အမျိုးသားတစ်ဦးရဲ့နောက်ကျောက ငါးလက်မအရှည်ရှိတဲ့နဂါးဦးချိုအကြောင်း၊ ပြိုကျမယ့်လက္ခဏာပြနေတဲ့ အီကွေဒေါမီးတောင်၊ ၂၃ နှစ်ကြာအောင် ပျောက်ဆုံးသွားတဲ့ပန်းချီကားကို ခိုးခံရတဲ့ပြခန်းမှာ ပြန်တွေ့တယ်ဆိုတဲ့သတင်းနဲ့ မိုးကြိုးပစ်ခံရပြီး ဂေါ်ရီလာမျောက်ဝံလေးကောင် သေဆုံးတဲ့သတင်းတွေဖြစ်ပါတယ်။

 

အမျိုးသားတစ်ဦးရဲ့ နောက်ကျောက ငါးလက်မအရှည်ရှိတဲ့ နဂါးဦးချို

ညိုဝါရောင်ရှိပြီး မာကျောတဲ့ အရေပြားတစ်ခုဟာ အမျိုးသားတစ်ဦးရဲ့ ကျောပြင်ပေါ်မှာ ထူးဆန်းစွာပေါက်လာခဲ့ပြီး တဖြည်း ဖြည်း ကြီးထွားလာခဲ့ပါတယ်။ ဆရာဝန်တွေက အဲဒီအရာကို အမျိုးသားရဲ့ ကျောပေါ် ကနေ ခွဲစိတ်ဖယ်ရှားပေးလိုက်ချိန်မှာတော့ နဂါးဦးချိုနဲ့ ဆင်တူတဲ့ အဲဒီအရာဟာငါးလက်မ လောက်အထိရှည်လျားတာကိုတွေ့ခဲ့ရပါတယ်။

ဦးချိုနဲ့တူတဲ့ အဲဒီအရေပြားဟာ မာကျော ကြမ်းတမ်းပြီး ကြေးခွံတွေရှိတဲ့ အနာတစ်ခု အဖြစ်နဲ့ အသက် ၅၀ အရွယ် အမျိုးသားတစ်ဦးရဲ့ ကျောပေါ်မှာ စပြီးပေါက်လာတာ နှစ်အနည်းငယ်ကြာပြီ ဖြစ်ပါတယ်။ အနာ စပေါက်လာပြီး သုံးနှစ်အကြာမှာ အနာက ဆက်တိုက်ဆိုသလို ကြီးထွားလာခဲ့လို့နောက်ဆုံးမှာတော့ ထူထဲပြီး ကွေးကောက်နေတဲ့ ဦးချိုသဏ္ဌာန်နဲ့ အမျိုးသားရဲ့ ခါးလယ် နားလောက်ရောက်တဲ့အထိ ရှည်ထွက်လာ ခဲ့ပါတော့တယ်။ အနာကိုဖယ်ရှားလိုက်တဲ့အချိန်မှာ ၅ ဒသမ ၅ လက်မ (၁၄၀ မီလီမီတာ) ရှည်လျားပြီး အကျယ်အားဖြင့် နှစ်လက်မကျော်လောက် ရှိပါတယ်။ ဦးချိုနဲ့တူတဲ့ ဒီလိုအရေပြားအနာမျိုးဟာ ကီရာတင်လို့ခေါ်တဲ့ အမျှင်ကြမ်း ပရိုတိန်းတွေ ပါဝင်နေပြီး အသက် ၆၀ ကနေ ၇၀ အရွယ် လူနာတွေ မှာ တွေ့ရတတ်တယ်လို့ သိရပါတယ်။ များသောအားဖြင့် သေးငယ်တဲ့ အရွယ်သာ ဖြစ်တတ်ပေမယ့် အခုလိုမျိုး ကြီးမားတဲ့ အရွယ်အစားအထိ ဖြစ်လာတာမျိုးကတော့ ရှားပါးဖြစ်စဉ်တစ်ခုပါ။

 

hjhksfhx

ပြိုကျမယ့် လက္ခဏာပြနေတဲ့ အီကွေဒေါ မီးတောင်

အီကွေဒေါနိုင်ငံမှာရှိတဲ့ မီးတောင်တစ်ခု ဟာ ပြိုလဲနိုင်ဖွယ်ရှိတဲ့ အရိပ်လက္ခဏာတွေကို ပြသနေတယ်လို့ လေ့လာမှုပြုလုပ်ခဲ့တဲ့ သုတေသနပညာရှင်တွေက သတိပေးခဲ့ပါတယ်။ Black Giant လို့ လူသိများတဲ့ တန်ဂူရာဟ္မာမီးတောင်ဟာ တည်ငြိမ်မှုမရှိတဲ့ လက္ခဏာတွေ ပြသနေတဲ့အတွက် ပြင်းထန် တဲ့ မြေပြိုမှုတစ်ခု ဖြစ်လာနိုင်ပြီး မီးတောင် တည်ရှိရာ အနီးအနားက ဒေသရိယာကို အကြီးအကျယ် ထိခိုက်စေနိုင်တယ်လို့ သိပ္ပံ ဂျာနယ်တစ်ခုမှာ ပုံနှိပ်ဖော်ပြခဲ့ပါတယ်။ မီးတောင်ဆိုင်ရာ လှုပ်ရှားသက်ဝင်မှုဟာ တန်ဂူရာဟ္မာ မီးတောင်ကို အနေအထားပျက်ယွင်းလာစေပြီး ပြိုလဲမှုဖြစ်လာနိုင်တဲ့နောက်ထပ်လက္ခဏာတွေကိုလည်း ဆက်လက် သတိထားစောင့်ကြည့်ဖို့ မဖြစ်မနေ လိုအပ်တယ်လို့ သုတေသနပညာရှင်တွေက ကောက်ချက်ချခဲ့ပါတယ်။

တန်ဂူရာဟ္မာ မီးတောင်ဟာ ၁၉၉၉ ခုနှစ်ကတည်းက မကြာခဏလှုပ်ရှားသက် ဝင်မှုရှိခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ဝ၀ ကျော်အကြာက မီးတောင်ပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်ခဲ့ပြီး မီးတောင်ရဲ့ တစ်စိတ်တစ်ပိုင်း ပြိုကျမှုဖြစ်ခဲ့ဖူးပါတယ်။ အခုအခါမှာ အဲဒီ အစိတ်အပိုင်းက ထပ်ပြီးပြိုကျဖို့ အစပြုနေ ပြန်ပြီး ဖြစ်တယ်လို့ သိရပါတယ်။

 

hskhxd

၂၃ နှစ်ကြာအောင် ပျောက်ဆုံးသွားတဲ့ ပန်းချီကားကို ခိုးခံရတဲ့ပြခန်းမှာ ပြန်တွေ့

ပန်းချီဆရာ အော်စထရီ ယန်ဂတ် စတက်ဗ် ကလင့်မ်ရေးဆွဲခဲ့တဲ့ နာမည်ကျော် ပန်းချီကားဟာ အခိုးခံလိုက်ရပြီး ၂၃ နှစ် ကြာအောင် ပျောက်ဆုံးသွားခဲ့ပါတယ်။ အခုအချိန်မှာတော့ ပန်းချီကားကို ပြန်ရှာတွေ့ခဲ့ပါပြီ။ ပန်းချီကားကို အခိုးခံလိုက်ရတဲ့ ပြခန်း ရဲ့ နံရံထဲမှာပဲ ဝှက်ထားခဲ့တာ ဖြစ်ပါတယ်။ ၁၉၁၇ ခုနှစ်တုန်းက Portrait of a Lady လို့ အမည်ပေးခဲ့တဲ့ ကလင့်မ်ရဲ့ ပန်းချီကားကို ၁၉၉၇ ခုနှစ်ဖေဖော်ဝါရီ ၂ ရက်မှာ အီတလီနိုင်ငံ ပီယာစင်ဇာရှိ ရီစီအော်ဒီခေတ်သစ်အနုပညာ ပြခန်းမှာ ပြသထားစဉ်ခိုးယူခြင်းခံခဲ့ရပါတယ်။ ပန်းချီကားကို ဘယ်သူခိုးယူသွားခဲ့တယ် ဆိုတာကို အခုချိန်ထိဘယ်သူကမှ မသိကြ သေးပါဘူး။ ဒါပေမယ့် အခုပြန်တွေ့ရတဲ့ အတိုင်းဆိုရင် ပန်းချီကားဟာ ပြခန်းကနေ ဘယ်ကိုမှရောက်ရှိမသွားတဲ့ ပုံစံမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ပြခန်းမှာ အလုပ်လုပ်တဲ့ ဥယျာဉ်မှူးက ၎င်းဟာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁ဝ ရက်မှာ တိုက်ကပ်နွယ်ပင်တွေကို ရှင်းလင်းနေရင်းနဲ့ ပြခန်းနံရံရဲ့ ကြားမှာ အိတ်တစ်အိတ်ကိုတွေ့လို့ ဖြေကြည့် လိုက်တဲ့အချိန် အိတ်ထဲမှာပန်းချီကားကို အကောင်းပကတိ အနေအထားအတိုင်း တွေ့ရှိရတယ်လို့ ပြန်ပြောပြခဲ့တာပါ။

 

hksxs

မိုးကြိုးပစ်ခံရပြီး ဂေါ်ရီလာဝက်ဝံ လေးကောင် သေဆုံး

မိုးကြိုးပစ်ခံရလို့ တောရိုင်းတိရစ္ဆာန် တွေ သေဆုံးတဲ့ဖြစ်ရပ်မျိုးက ဖြစ်လေ့ ဖြစ်ထရှိတာ မှန်ပေမယ့် မိုးကြိုးတစ်ချက် တည်းနဲ့ ရှားပါးတဲ့ ဂေါ်ရီလာ မျောက်ဝံလေးကောင် သေဆုံးသွားတဲ့အဖြစ်က သားရိုင်း တိရစ္ဆာန်မျိုးစိတ်တွေအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ခု ဖြစ်သွားခဲ့ပါတယ်။ ယူဂန္ဓာ အမျိုးသား ဥယျာဉ်ထဲမှာ ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ ဂေါ်ရီလာမျောက်ဝံ လေးကောင် မိုးကြိုးထိမှန်ပြီး သေဆုံးသွား ခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာ့တောရိုင်းတိရစ္ဆာန်ဖောင်ဒေးရှင်းရဲ့ ပြောပြချက်အရ အာဖရိကရှိ ကွန်ဂိုဘာစင် အမျိုးသားဥယျာဉ်ထဲက အမြင့်ပေ ၈ဝဝဝ ကနေ ၁၃၀ဝ၀ အထိရှိတဲ့ ကုန်းပြင်မြင့်တွေမှာ တောင်ပေါ်ဂေါ်ရီလာ မျောက်ဝံတွေ နေထိုင်ကျက်စားကြတယ်လို့ သိရပါတယ်။ မိုးကြိုးပစ်ခတ်မှုကြောင့် အရွယ်ရောက်နေပြီဖြစ်တဲ့ ဂေါ်ရီလာအမ သုံးကောင်နဲ့ နို့စို့ဂေါ်ရီလာ အထီးလေးတစ်ကောင် သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ မိုးကြိုးပစ်ခတ်မှုကြောင့် လေးကောင်စလုံး ဓာတ်လိုက်သေဆုံးခြင်း ဖြစ်ဖွယ်ရှိတယ်လို့ဖော်ပြထားတာကို တွေ့ရပါတယ်။ ဂေါ်ရီလာလေးကောင်ရဲ့ အသားစ နမူနာတွေကို ယူပြီး စစ်ဆေးခဲ့ပြီးနောက် ရက်သတ္တပတ် သုံးခုအကြာမှာ သေဆုံးရတဲ့အကြောင်း ရင်းကို အတည်ပြုနိုင်ခဲ့တာပါ။

ကိုးကား - အင်တာနက်