ဒိုဟာ ၁ မတ်

 

ဆယ်စုနှစ်နှစ်ခုနီးပါးကြာ ပဋိပက္ခဖြစ်ပွားပြီးနောက် အမေရိကန်ပြည်ထောင်စုနှင့် တာလီဘန်အဖွဲ့သည် ယမန်နေ့က သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး အဆိုပါ သဘောတူညီချက်မှာ အရှည်ကြာဆုံးသော စစ်ပွဲအဆုံးသတ်မည့်စတင်မှု အမှတ်သညှာဖြစ်လာမည်ဟု အမေရိကန်ပြည်ထောင်စုက မျှော်လင့်သည်။

 

ကာတာနိုင်ငံ၊ ဒိုဟာမြို့တော်၌ လက်မှတ်ရေးထိုးခဲ့သည့် ယင်းသဘောတူညီချက်အရ အမေရိကန်ပြည် ထောင်စုနှင့် ပြည်ပတပ်ဖွဲ့များက ၁၄ လအတွင်း အာဖဂန်နစ္စတန်နိုင်ငံရှိ တပ်ဖွဲ့များကို ရုတ်သိမ်းရမည်ဖြစ်ပြီး တာလီဘန်အဖွဲ့က အနောက်တိုင်းက ကျောထောက်နောက်ခံပြုထားသည့် အာဖဂန်အစိုးရနှင့် ဆွေးနွေးမှုများပြုလုပ်ရန် ကတိကဝတ်ပြုကာ အယ်လ်ခိုင်ဒါအဖွဲ့အပါအဝင် ဂျီဟတ်ဝါဒီအုပ်စုများကို အာဖဂန်နစ္စတန်နိုင်ငံမှ မောင်းထုတ်ရမည်ဖြစ်သည်။

 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သဘောတူညီချက်ကိုကြိုဆိုကြောင်း ဝါရှင်တန်မြို့တော်၌ ပြော ကြားလိုက်သည်။ “ကျွန်တော်တို့ အာဖဂန်နစ္စတန်နိုင်ငံမှာ ကြီးမားတဲ့အောင်မြင်မှုတွေ ရရှိခဲ့ပြီး အကြမ်းဖက်သမားတွေကို သုတ်သင်နိုင်ခဲ့ပေမယ့် အခုချိန်က ကျွန်တော်တို့ပြည်သူတွေကို အိမ်ပြန်ခေါ်ရမယ့်အချိန် ဖြစ်ပါတယ်” ဟု သမ္မတ ဒေါ်နယ်ထရမ့်က ပြောသည်။

 

အမေရိကန်တပ်ဖွဲ့များကို ချက်ချင်း ရုတ်သိမ်းမည်ဖြစ်ကာ သူအနေဖြင့် တာလီဘန်အဖွဲ့မှ ခေါင်းဆောင် များနှင့် မကြာမီ တွေ့ဆုံမည်ဟု ၄င်းကဆိုသည်။ တစ်နှစ်ကျော်ကြာ ဆွေးနွေးမှုများပြုလုပ်ပြီးနောက် လက်မှတ်ရေးထိုးခဲ့သည့် အဆိုပါ သဘောတူညီချက်ကို ထောက်ခံသူများက ငြိမ်းချမ်းရေးအတွက် အရေးပါသော ပထမအဆင့် ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း ပြောကြားသည်။ တာလီဘန်အဖွဲ့ အာဏာပြန်ရရှိလာမည်ကို အာဖဂန်ပြည်သူများက စိုးရိမ်နေကြသည်။

 

“ကျွန်တော်တို့ စစ်ပွဲမှာ အနိုင်ရရှိခဲ့တာ သံသယမရှိပါဘူး။ ဒါကြောင့် ကျွန်တော်တို့ ငြိမ်းချမ်းရေးစာချုပ် ကို လက်မှတ်ထိုးတာဖြစ်ပါတယ်” ဟု တာလီဘန်အဖွဲ့ ညှိနှိုင်းရေးမှူးချုပ် အဘတ်စ်စတန်နက်ဇိုင်းက ပြောကြားသည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုက သဘောတူညီချက်မှာ မသေချာဟု လက်မှတ်ရေးထိုးပွဲ အခမ်းအနား၌ ရိုးတိုးရိပ်တိပ် ပြောကြားခဲ့သည်။

 

ကိုးကား--အေအက်ဖ်ပီ

ဘာသာပြန်-ကျော်ထိုက်စိုး