၁ မတ်

အနာအဆာကင်းတဲ့ အရေပြားလေးက ဆွဲဆောင်မှုတိုးစေတဲ့အချက်တစ်ခုပါ။ အရေပြား ကျန်းမာတာက လူတစ်ယောက်ရဲ့ သွင်ပြင်အပေါ်မှာ အများကြီးသက်ရောက်နေတဲ့ အချက်တစ်ခုပေါ့။ ဒီတစ်ခေါက်တော့ လူတော်တော်များများမှာ ဖြစ်တတ်တဲ့ အရေပြားပြဿနာ တစ်ခုဖြစ်တဲ့ ညှင်းအကြောင်း ပြောပြပေး ချင်ပါတယ်။

 

ညှင်းဆိုတာ

ညှင်းဆိုတာက အရေပြားမှာ မှိုစွဲတဲ့ ရောဂါတစ်မျိုးပါ။ ညှင်းဖြစ်စေတဲ့မှိုပိုးက အရေပြားပေါ်မှာ ရှိနေတတ်တဲ့ Malassezia မှိုပိုး အမျိုးအစားပါ။ ပုံမှန်အားဖြင့်ကတော့ အရေပြားပေါ်မှာ သာမန်မျက်လုံးနဲ့ မမြင်ရတဲ့ မှိုပိုးနဲ့ ဘက်တီးရီးယားပေါင်း သန်းပေါင်းများစွာ ရှိနေပါတယ်။  သူတို့က သင့်ကိုယ်တွင်းကို ကူးစက်ရောဂါပိုးတွေ ဝင်ရောက်တာမျိုးမရှိအောင် ကာကွယ်ပေးရင်း အရေပြားပေါ်မှာ အသိုက်ဖွဲ့လို့ နေနေတတ်ကြတာပါ။ သူတို့တွေရှိနေလို့လည်း အချို့အန္တရာယ်များတဲ့ ရောဂါပိုးတွေက ကိုယ်တွင်းကို ဝင်ရောက်မလာတာပေါ့။ အရေပြားဆဲလ်တွေနဲ့ သူတို့လေးတွေက အချင်းချင်း ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ အနေနဲ့ နေထိုင်ရှင်သန်နေကြတာပါ။

 

ပုံမှန် အခြေအနေအတိုင်း ရှင်သန်နေတာက ပြဿနာမရှိပေမယ့် ဒီမှိုပိုးအရေအတွက်က ထိန်းမရနိုင်တဲ့အထိ ပေါက်ဖွားလာမယ်ဆိုရင်တော့ အရေပြား ကျန်းမာရေးကို ထိခိုက်စေနိုင်ပြီး အသားအရောင်ပြောင်းတာမျိုး ဖြစ်လာစေနိုင်ပါတယ်။ Malassezia မှိုပိုးတွေ အဆမတန် ပေါက်ဖွားလာမှုက အရေပြားပေါ်မှာ အရောင်ရင့်ရင့် အကွက်တွေ၊ အရောင်ခပ်ဖျော့ဖျော့ အကွက်တွေ ဖြစ်လာစေနိုင်ပါတယ်။ ဒီလိုအရေပြားပေါ်မှာ အကွက်တွေဖြစ်လာတာကို ညှင်း လို့ခေါ်တာပါ။

 

ဘယ်သူတွေမှာ ပိုဖြစ်နိုင်လဲ

ညှင်းက လူတိုင်းမှာ ဖြစ်နိုင်ပေမယ့် အခုလို လူတွေမှာ ပိုဖြစ်နိုင်ပါတယ်။

အဆီပြန်တဲ့ အသားအရေပိုင်ရှင်တွေ

ရာသီဥတု ပူပြင်းမှုဒဏ်ခံနေရသူတွေ

ပူနွေးစိုစွတ်တဲ့ ရာသီဥတုအခြေအနေမှာ နေထိုင်သူတွေ

ချွေးထွက်များတဲ့သူတွေ

ဟော်မုန်းအပြောင်းအလဲ ခံစားနေရသူတွေ

ကိုယ်ခံအားနည်းသူတွေမှာ ညှင်းဖြစ်နိုင်ခြေက အခြားသူတွေထက် ပိုများပါတယ်။

 

ညှင်း ဖြစ်စေတဲ့ မှိုပိုးက အရေပြားပေါ်မှာ သဘာဝအတိုင်း ပေါက်ဖွားတတ်တာကြောင့် တစ်ဦးကနေ တစ်ဦးကို မကူးစက်နိုင်ပါဘူး။ ညှင်းက ဘယ်အသားအရောင်မျိုးမှာ မဆိုဖြစ်နိုင်ပြီး ဆယ်ကျော်သက်တွေနဲ့ လူငယ်တွေမှာ အဖြစ်များပါတယ်။

 

ဘယ်လို လက္ခဏာတွေရှိနိုင်လဲ………..

အရေပြားမှာ ညှင်းဖြစ်စေဲ့ မှိုပိုးတွေ အဆမတန် ပေါက်ဖွားလာတဲ့အခါ အသားအရောင်ပြောင်းတာမျိုး ဖြစ်နိုင်သလို အရေပြားမှာ အသားအရောင်မညီတဲ့ အစက်အပြောက်တွေဖြစ်တာ၊ အကွက်တွေ ဖြစ်တာမျိုး ဖြစ်နိုင်ပါတယ်။ အရေပြားမျာ ညှင်းဖြစ်နေပြီဆိုရင်

အဖြူရောင် အကွက်တွေဖြစ်မယ်၊ ပန်းရောင် အကွက်တွေဖြစ်မယ်၊ အနီ ဒါမှမဟုတ် အညိုရောင် အကွက်တွေဖြစ်မယ်။

 

ညှင်းဖြစ်နေဲ့တဝိုက်မှာ အသားအရောင်က ဖျော့နေတာ၊ ရင့်နေတာမျိုးဖြစ်မယ်

နေလောင်တာတောင် မဲမသွားတာမျိုး၊ အရောင်မပြောင်းသွားတာမျိုး ဖြစ်မယ်

ခန္ဓာကိုယ်ရဲ့ နေရာအနှံ့မှာ တွေ့ရမယ်။ အထူးသဖြင့် လည်ပင်း၊ ရင်ဘတ်၊ နောက်ကျောနဲ့ လက်မောင်းတွေမှာပါ။

 

ဒီအကွက်လေးတွေက ရာသီဥတု အေးလာတဲ့အခါ ပျောက်သွားတတ်ပြီး ရာသီဥတု အခြေအနေက ပူနွေးစိုစွတ်တဲ့အခါမှာ ပိုဆိုးလာတတ်ပါတယ်။ ညှင်းဖြစ်တဲ့အခါ အရေပြားက ခြောက်သွေ့တာ၊ အဖက်လေးတွေလန်တာ၊ ယားယံတာ၊ နာကျင်တာတွေ ခံစားရနိုင်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ခံစားရပုံချင်း ကွာခြားတာမျိုးတော့ရှိပါတယ်။

 

ဘယ်လိုကာကွယ်မလဲ ………….

ညှင်းကလည်း ရောဂါတစ်မျိုးဖြစ်တာကြောင့် မဖြစ်အောင် ကာကွယ်လို့ရပါတယ်။ ဘယ်လိုကာကွယ် ရမလဲဆိုတော့

အဆီပါဝင်မှုများတဲ့ အလှကုန်တွေ သုံးတာမျိုးကို ရှောင်ပါ

နေရောင်နဲ့ တိုက်ရိုက်ထိတွေ့မှုကို တတ်နိုင်သမျှ လျှော့ပါ။ နေရောင်နဲ့ ထိတွေ့မှုက ညှင်းကို ပိုဆိုးစေနိုင်ပါတယ်

နေရောင်ထဲထွက်ရမယ့် ကိစ္စတွေရှိနေမယ်ဆိုရင် နေရောင်ထဲမထွက်ရခင် ၂ ရက်လောက်ကြိုတင်ပြီး မှိုသတ်ဆေးပါတဲ့ ရေချိုးဆပ်ပြာရည်နဲ့ ရေချိုးပါ

အနည်းဆုံး SPF 30 ပါတဲ့ နေလောင်ကာခရင်မ်ကို နေ့တိုင်း  လိမ်းပေးပါ

အရမ်းကျပ်တဲ့ အဝတ်အစားတွေ မဝတ်ပါနဲ့

လေဝင်လေထွက်ကောင်းပြီး ချွေးစုပ်တဲ့ ချည်သား ပွပွချောင်ချောင်တွေ ဝတ်ပေးပါ

ချွေးအရမ်းထွက်လာရင် တစ်သျှူး ဒါမှမဟုတ် အဝတ်စသန့်သန့်လေးနဲ့ ချက်ချင်း သုတ်ပစ်ပါ။

 

ရေးသားသူ Aye Thi Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”