၃ မတ်
အာဖဂန်နစ္စတန်နိုင်ငံ တာဟာပြည်နယ်မြောက်ပိုင်း အက်ကာမစ်ရှ် ခရိုင်တွင် ယနေ့ တိုက်ပွဲဖြစ်ပွားသဖြင့် စစ်သွေးကြွနှစ်ဦး သေဆုံးပြီး အခြားသုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသန္တရ ရဲတပ်ဖွဲ့ တပ်မှူး အဗ္ဗဒူလ် ရာရှစ် က ပြောကြားခဲ့သည်။
မနက် ၄ နာရီက ကာတာကာရိုဒေသရှိ လုံခြုံရေးဂိတ်တစ်ခုကို တာလီဘန်စစ်သွေးကြွအုပ်စုက တိုက်ခိုက်ခဲ့ကြကြောင်း နှင့် ယင်းတိုက်ခိုက်မှုသည် မိနစ် ၄၀ ကြာ ဖြစ်ပွားခဲ့ပြီး စစ်သွေးကြွ နှစ်ဦး သေဆုံးခဲ့သည်ဟု ထိုတာဝန်ရှိသူ၏ ပြောကြားချက်အရ သိရသည်။
အဆိုပါ တိုက်ခိုက်မှုတွင် စစ်သွေးကြွနှစ်ဦး သေဆုံးခဲ့ပြီး ရဲအရာရှိ တစ်ဦးနှင့် စစ်သွေးကြွ နှစ်ဦး တို့ ဒဏ်ရာရရှိခဲ့ကြောင်း ထိုတာဝန်ရှိသူက ထပ်လောင်းပြောကြားခဲ့သည်။
ယနေ့မနက်ပိုင်းက တာဟာပြည်နယ် ဘန်ဂီခရိုင် ချာရှ်မာဒေသရှိ ရဲတပ်ဖွဲ့ဝင်တစ်ဦးကို တာလီဘန်စစ်သွေးကြွများက ဖမ်းဆီးသွားခဲ့သည်ဟု ဒေသန္တရ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


