အန်ကာရာ ၄ မတ်

 

ရွှေ့ပြောင်းနေထိုင်သူများ ပဋိပက္ခဖြစ်ပွားနေစဉ် အီးယူ (ဥရောပသမဂ္ဂ)မှ ထိပ်တန်းသံတမန်များသည် တူရကီနိုင်ငံ သို့ မတ်၃ရက်က သွားရောက်ခဲ့ကြောင်း သိရသည်။ တူရကီ သည် ဥရောပနိုင်ငံများသို့ သွားရောက်လိုသည့် ရွှေ့ပြောင်းနေထိုင်သူများအတွက် နယ်စပ်တံခါးများ ဖွင့်ပေးလိုက်ခြင်းဖြင့် အီးယူအဖွဲ့ကြီးကို ခြိမ်းခြောက်ငွေညစ်နေသည်ဟု ဩစတြီးယားနိုင်ငံက စွပ်စွဲထားသည်။

 

ဂရိနယ်စပ်သို့ ရွှေ့ပြောင်းနေထိုင်သူများ သွားရောက်နိုင်ရေး တူရကီက အတင်းဖိအားပေးသည်ဟုဆိုကာ လူ့အခွင့်အရေး အုပ်စုများကလည်း တူရကီကို အပြစ်တင်ကြသည်။ လက်ရှိတွင် ထောင်ပေါင်းများစွာသော ရွှေ့ပြောင်းနေထိုင်သူများနှင့် ဒုက္ခသည်များသည် တူရကီဂရိနယ်စပ်သို့ ရောက်ရှိနေကြသည်။ နယ်စပ်တွင် ရွှေ့ပြောင်းနေထိုင်သူများနှင့် ဂရိရဲတပ်ဖွဲ့များ အပြင်းအထန် ပဋိပက္ခများ ဖြစ်ပွားပြီးနောက် ရွှေ့ပြောင်းနေထိုင်သူများသည် တူရကီနှင့် ဂရိကိုခြားနားထားသည့် အက်ဗ်ရို့စ်မြစ်ကို ဖြတ်သန်းရန် ကြိုးစားခဲ့ကြသည်။

 

အသက် ၂၁ နှစ်အရွယ် အာဖဂန်နစ္စတန်မှ ရွှေ့ပြောင်းနေထိုင်သူတစ်ဦးက ၎င်း၏ သူငယ်ချင်းဖြစ်သူမှာ ဂရိနိုင်ငံ ဘက်သို့သွားရောက်နိုင်ခဲ့သော်လည်း ဂရိရဲတပ်ဖွဲ့များက ချက်ချင်းပင် ဖမ်းဆီးသွားကြောင်း ပြောသည်။ ယခုဖြစ်ရပ်မှာ အီးယူခေါင်းဆောင်များက ဆီးရီးယားစစ်ပွဲတွင် တူရကီဘက်မှ ထောက်ပံ့ပေးရန် တူရကီသမ္မတအာဒိုဂန်က ဖိအားပေးသည့်လုပ်ရပ်ဟု ရှုမြင်နေကြသည်။

 

တူရကီနိုင်ငံသည် ဆီးရီးယားမှ ဒုက္ခသည်များကို သန်းနှင့်ချီ၍ လက်ခံထားရပြီး နောက်ထပ်လှိမ့်ဝင်လာမည့် ဒုက္ခသည်များအရေးနှင့်လည်း ရင်ဆိုင်နေရသည်။ ရုရှားမှ ကျောထောက်နောက်ခံပြုထားသည့် ဆီးရီးယားအစိုးရ တပ်များသည် သူပုန်များ ထိန်းချုပ်ထားသည့် အီဒလစ် ပြည်နယ်ကို သိမ်းယူနိုင်ရေး အကြီးအကျယ် တိုက်ပွဲများ ဆင်နွှဲနေသည်။ အီးယူမှ အထူးကိုယ်စားလှယ် ဂျိုးဆက်ဘော်ရယ်နှင့် ကော်မရှင်နာ ဂျန်နက်ဇ် လီနာစစ်တို့သည် ဆီးရီးယားအရေးနှင့် ဒုက္ခသည်များ လှိမ့်ဝင်မှုတို့အတွက် အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးကို တူရကီနိုင်ငံတွင် နှစ်ရက်ကြာ ပြုလုပ်သွားမည်ဟု သိရသည်။

 

အေအက်ဖ်ပီ