၄ မတ်
ပါကစ္စတန်နိုင်ငံက လယ်သမားတွေဟာ ကျိုင်းကောင်တွေ နှိမ်နင်းရန် ရုန်းကန်နေရပါတယ်။ နိုင်ငံတစ်ဝန်းမှာ ကျရောက်နေတဲ့ ကျိုင်းကောင်တွေဟာ နှစ်သုံးဆယ်နီးပါးအတွင်းမှာ အဆိုးဆုံးဖြစ်ပါတယ်။
မိုးသည်းထန်စွာရွာသွန်းမှုနဲ့ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ကျိုင်းကောင်တွေဟာ အာရေဗီးယား ပင်လယ်ကွေ့မှာ ပြီးခဲ့တဲ့နှစ်ဆန်းပိုင်းမှာ အများအပြားမွေးဖွားလာကြောင်း ကုလသမဂ္ဂက ပြောပါတယ်။
ကျိုင်းကောင်တွေဟာ အရှေ့အာဖရိကနေ အိန္ဒိယနိုင်ငံ အဲဒီကနေ ပါကစ္စတန်နိုင်ငံ ကို ရောက်ရှိလာတာ ဖြစ်ပါတယ်။
အခုအခြေအနေဟာ သိပ်ပြီး ခက်ခဲတဲ့အတွက် ပါကစ္စတန်အစိုးရက နိုင်ငံနဲ့အဝှမ်းမှာ အရေးပေါ်အခြေအနေ ကြေညာပြီး နိုင်ငံတကာအဖွဲ့အစည်းတွေက အရေးတကြီးအကူအညီပေးရန် တောင်းခံထားပါတယ်။
လယ်သူမ ဘီဘီက ကျိုင်းကောင်တွေက အနီးနားရှိ သစ်တောတွေကနေ ရောက်ရှိလာတာဖြစ်ပြီး အခုတော့ သူတို့စိုက်ထားတဲ့ အပင်တွေကို စားသောက်ကုန်ရုံသာမက အိမ်ထဲအထိ ရောက်လာတယ်။ စိုက်ပျိုးရေးအတွက် အစိုးရဆီကနေ ချေးငွေ ၄၅၀၀၀ရူပီ (အမေရိကန်ဒေါ်လာ ၂၉၃) ချေးငွေယူထားကြောင်း ၊ အခုတော့ စိုက်ပျိုးထားတွေကို ကျိုင်းကောင်တွေက စားသုံးလိုက်ကြောင်း ပြောပြပါတယ်။
ကျိုင်းကောင်အများအပြားရှိနေတဲ့ ပန်ဂျပ်ပြည်နယ်ရှိ စိုက်ပျိုးရေး အရာရှိ ရှာဘတ် အက်တာက သူတာဝန်ထမ်းဆောင်နေတဲ့ သက်တမ်းအတွင်း အခုလောက်များတဲ့ ကျိုင်းကောင်တွေကို မတွေ့ဖူးသေးကြောင်း၊ ကျိုင်းကောင်တွေကို ရှင်းလင်းရန် ပိုးသတ်ဆေးဖြန်းနေကြောင်း ပြောပါတယ်။
တရုတ်နိုင်ငံက ကျွမ်းကျင်ပညာရှင်များဟာ ပါကစ္စတန်နိုင်ငံကို ရောက်ရှိနေပြီး အခြေအနေကို လေ့လာနေကြောင်း၊ တရုတ်နိုင်ငံက ဝေဟင်ကနေ ပိုးသတ်ဆေးဖြန်းကိရိယာနဲ့ဆေးရည်ပါ ပေးနိုင်မယ်လို့ စားနပ်ရိက္ခာဖူလုံရေးဝန်ကြီး က ပြောပါတယ်။
တရုတ်နိုင်ငံက ထောင်သောင်းချီတဲ့ ငန်းဘဲတွေကို ပါကစ္စတန်နိုင်ငံကို ပို့ဆောင်ပြီး ကျိူင်းကောင်တွေကို နှိမ်နင်းရန် စီစဉ်ခဲ့ရာ ပါကစ္စတန်နိုင်ငံ က အဲဒီစီစဉ်ကို အသုံးပြုရန် မစဉ်းစားကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
MDN
ကိုးကား -AFP


