၅ မတ်

 

ရုရှားနိုင်ငံသမ္မတ ပူတင်နှင့် တူရကီ သမ္မတ ရဂျဗ် တိုင်ယစ် အာဒိုဂန် တို့သည် ဆီးရီးယားနိုင်ငံအတွင်း တိုက်ပွဲများဖြစ်ပွားမှုနှင့် ပတ်သက်ပြီး နှစ်နိုင်ငံအကြား တင်းမာမှုများ မြင့်တက်လာသဖြင့် မော်စကို မြို့တွင် ယနေ့တွေ့ဆုံရန် စီစဉ်ထားသည်။

 

ဆီးရီးယားသူပုန်များ၏ နောက်ဆုံးအမာခံနယ်မြေဖြစ်သော အီဒလစ်ပြည်နယ် အနောက်မြောက်ဘက်တွင် ပြီးခဲ့သည့် သီတင်းပတ်က ဆီးရီးယားသမ္မတ ဘာရှာ အယ်လ်အာဆတ်ကို ထောက်ခံသောတပ်ဖွဲ့များနှင့် ဆီးရီးယားသူပုန်များကို ကျောထောက်နောက်ခံပေးသည့် တူရကီစစ်သားများအကြား တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။

 

အဆိုပါ ပြင်းထန်သောတိုက်ပွဲများကြောင့် လူ ၉၆၀၀၀၀ ဦးခန့်မှာ ၎င်းတို့၏နေအိမ်များမှ စွန့်ခွာထွက်ပြေးခဲ့ရသည်။

 

ထိုအီဒလစ်ပြည်နယ်ကို ပြန်လည်ရယူရန် အာဆတ်တို့ အားထုတ်ကြိုးပမ်းမှုကို ရုရှားတို့က ထောက်ခံနေစဉ် အာဆတ်တပ်ဖွဲ့များ ထိုပြည်နယ်မှ ဆုတ်ခွာရန် တူရကီတို့က တောင်းဆိုနေသည်။

 

၎င်းတိုက်ပွဲများ ပိုမိုပြင်းထန်လာမှုနှင့်ပတ်သက်ပြီး ယနေ့ကျင်းပမည့် ထိပ်သီးဆွေးနွေးပွဲသည် တူရကီ နှင့် ရုရှားနိုင်ငံ ခေါင်းဆောင်များအကြား ပထမဆုံး တွေ့ဆုံဆွေးနွေးမှုဖြစ်သည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို