၅ မတ်

 

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တောင်ပိုင်း လာဂူနာပြည်နယ်တွင် ရဟတ်ယာဉ်ပျံတက်နေစဉ်အတွင်း ပျက်ကျမှု ယနေ့ ဖြစ်ပွားခဲ့ပြီး ရဲအရာရှိ လေးဦးနှင့် ဖိလစ်ပိုင်အမျိုးသားရဲချုပ် အာချီ ဂမ်ဘိုရာ အပါအဝင် လူ ခုနစ်ဦး ဒဏ်ရာရရှိခဲ့သည်။

 

ရဲတပ်ဖွဲ့အရေးပေါ်ဆိုင်ရာ ပြန်ကြားရေးအကြီးအကဲ အက်ဂါမီဂယ် က ထိုရဟတ်ယာဉ်ပျက်ကျမှုကြောင့် ဂမ်ဘိုရာ နှင့် အခြားခရီးသည် လေးဦး၊ လေယာဉ်မှူးနှစ်ဦးတို့ ဒဏ်ရာရရှိခဲ့သည်ဟု ပြောကြားခဲ့သည်။ ၎င်းဒဏ်ရာရသူများကို အနီးနားရှိဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်ဟု ထပ်လောင်းပြောကြားသည်။

 

ရဲချုပ် ဂမ်ဘိုရာ က သတိရှိနေပြီး ခရီးသည် တစ်ဦးက  သတိလစ်နေကြောင်းနှင့် တစ်ဦးမှာ ဦးခေါင်းတွင် ဒဏ်ရာရရှိခဲ့သည်ဟု မီဂယ်က ဆိုသည်။

 

အဆိုပါ ရဟတ်ယာဉ်ပျံတက်ပြီးမကြာမီ အင်ဂျင်မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မီဂယ်က ပြောကြားခဲ့သည်။

 

ထိုရဟတ်ယာဉ်ပျက်ကျရသည့် အကြောင်းရင်းကိုမူ မသိရှိရသေးပေ။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို