၅ မတ်
ကမ္ဘာတစ်ဝန်းက ကျောင်းသူကျောင်းသား သန်း ၂၉၀ ကျော်ဟာ ကိုဗစ်-19 ဗိုင်းရပ်စ်ကြောင့် စာသင်ခန်းတွေနဲ့ ဝေးကွာနေရကြောင်း သိရပါတယ်။ အီတလီနိုင်ငံက ကျောင်းတွေဟာ ကြာသပတေးနေ့မှာ ပိတ်လိုက်တဲ့အတွက် ဗိုင်းရပ်စ်ပိုးကြောင့် ကျောင်းပိတ်တဲ့ နောက်ဆုံး နိုင်ငံဖြစ်ပါတယ်။
ကိုဗစ်-19 ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ စုစုပေါင်း ၉၅၄၈၁ ဦးရှိပြီး လူပေါင်း ၅၃၆၈၈ ဦးဟာ ပြန်လည်ကျန်းမာလာ သူတွေဖြစ်ပေမယ့် သေဆုံးသူ ၃၂၈၆ ဦးရှိကြောင်း မတ် ၅ရက် ထုတ်ပြန်တဲ့စာရင်းအရ သိရပါတယ်။
သေဆုံးသူနဲ့ ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ အများစုဟာ တရုတ်နိုင်ငံမှာဖြစ်ပြီး နိုင်ငံတွင်းက မြို့အချို့ကို ဖြတ်သန်းသွား လာခြင်းမရှိအောင် ပိတ်ပင်ခြင်း၊ စက်ရုံအလုပ်ရုံတွေနဲ့ ကျောင်းတွေကို ရက်အကန့်သတ်မရှိ ပိတ်ထားခြင်းတွေပါ လုပ်ဆောင်ခဲ့ပါတယ်။
ကိုဗစ်-19 ဗိုင်းရပ်ပိုးကြောင့် နိုင်ငံပေါင်း ၁၃ နိုင်ငံက ကျောင်းတွေပိတ်လိုက်တဲ့အတွက် ကျောင်းသူကျောင်းသား ၂၉၀.၅ သန်းအပေါ် အကျိုးသက်ရောက်နေချိန် နေရာဒေသ ၉ ခုမှာလည်း သက်ဆိုင်ရာနေရာတွေရှိ ကျောင်းတွေကို ပိတ်ထားကြောင်း ယူနက်စကိုရဲ့မနေ့က ထုတ်ပြန်ချက်အရ သိရပါတယ်။
အီတလီနိုင်ငံမှာ သေဆုံးသူ ၁၀၇ ဦးဖြစ်လာတဲ့အတွက် ကျောင်းတွေနဲ့ တက္ကသိုလ်တွေအားလုံးကို မတ်လ ၁၅ ရက်နေ့အထိ ပိတ်လိုက်ပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာ ကိုဗစ်-19 ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ ၆၀၀၀ ဦးခန့် ရှိလာတဲ့အတွက် ကျောင်းဖွင့်ချိန်ကို မတ်လ ၂၃ ရက်နေ့အထိ တိုးမြှင့်ပိတ်ထားလိုက်ကြောင်း သိရပါတယ်။ ဂျပန်နိုင်ငံမှာလည်း နွေဦးကျောင်းပိတ်ချိန်ကို မတ်လကုန်ကနေ ဧပြီလအစောပိုင်းအထိ ကျောင်းတွေပိတ်ထားပါတယ်။ ပြင်သစ်နိုင်ငံမှာ ကျောင်းပေါင်း ၁၂၀ လောက် အခုသီတင်းပတ်အတွင်းမှာ ပိတ်ထားလိုက်ကြောင်း သိရပါတယ်။
MDN
ကိုးကား- AFP


