၅ မတ်
ပီရူးနိုင်ငံသား ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဟာဗီရာ ပဲရစ်ဒီကွေးလျား ဟာ သူ့ရဲ့မွေးရပ်မြေမှာ ဒီနေ့(ကြာသပတေးနေ့)မှာ ကွယ်လွန်ကြောင်း သားဖြစ်သူက ပြောပါတယ်။ ပဲရစ်ဒီကွေးလျားဟာ ကွယ်လွန်ချိန်မှာ အသက် (၁၀၀) ရှိပြီလို့ သိရပါတယ်။
ဟာဗီရာ ပဲရစ်ဒီကွေးလျားဟာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် တာဝန်ကို ဇန်နဝါရီ ၁ရက် ၁၉၈၂ ခုနှစ်မှ ဒီဇင်ဘာ ၃၁ ရက် ၁၉၉၁ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ တာဝန်ထမ်းဆောင်ချိန်မှာ ကမ္ဘာ့အငတ်ဘေးကို တိုက်ဖျက်နိုင်ခြင်း၊ ၈နှစ်ကြာဖြစ်ပွားခဲ့ အီရတ်-အီရန်စစ်ပွဲကို ပြေငြိမ်းအောင် ဆောင်ရွက်နိုင်ခြင်း၊ အယ်လ်ဆာဗားဒိုး ပြည်တွင်းစစ်အတွင်း မှာ ကုလသမဂ္ဂရဲ့ ငြိမ်းချမ်းရေးတပ်တွေ စေလွှတ်ဆောင်ရွက်ခဲ့တာကိုလည်း တွေ့ရပါတယ်။
ဒါ့အပြင် ၁၉၉၀ ခုနှစ်မှာ အာဖရိကတိုက်အတွင်းက နောက်ဆုံးကိုလိုနီနိုင်ငံတစ်ခုဖြစ်တဲ့ နမီးဗီးယားနိုင်ငံ လွတ်လပ်ရေး ရရှိအောင်ဆောင်ရွက်ခဲ့ခြင်းဟာလည်း သူ့ရဲ့ အောင်မြင်မှုတစ်ခု ဖြစ်ပါတယ်။
ဟာဗီရာ ပဲရစ်ဒီကွေးလျားဟာ အလယ်အလတ်လူတန်းစားမိဘများမှ ပီရူးနိုင်ငံ လီမာမြို့မှာ မွေးဖွားခဲ့ပါတယ်။ ကတ်သရစ် ခရစ်ယန်ကျောင်းမှာ ပညာသင်ကြားခဲ့သူဖြစ်ပါတယ်။ သူ့ရဲ့ အလုပ်သဘောအရ သံတမန်တာဝန်နဲ့ ဗြိတိန်၊ ဘိုလီးဗီးယား၊ ပိုလန်၊ ဆိုဗီယက်ပြည်ထောင်စု၊ ဆွစ်ဇာလန်နဲ့ ဗင်နီဇွဲလားနိုင်ငံတွေမှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဥက္ကဌတာဝန်ကို ၁၉၇၃ မှ ၁၉၇၄ အထိ တာဝန်ထမ်းဆောင်ပြီး ကုလသမဂ္ဂ ရဲ့ အမြဲတမ်းကိုယ်စားလှယ်အဖြစ် ဆိုက်ပရပ်စ်နိုင်ငံမှာ ၁၉၇၅ ကနေ ၁၉၇၇ အထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
ဟာဗီရာ ပဲရစ်ဒီကွေးလျား ရဲ့ ပထမအိမ်ထောင်နဲ့ သားတစ်ဉီး၊ သမီးတစ်ဦး ထွန်းကားပြီး မြေးခြောက်ဦး ရှိခဲ့ပေမယ့် ဒုတိယ အိမ်ထောင်နဲ့ သားသမီးမထွန်းကားကြောင်း သိရပါတယ်။
ဟာဗီရာ ပဲရစ်ဒီကွေးလျား ဟာ ရှေ့နေပညာကို သင်ယူခဲ့သူဖြစ်ပြီး ကမ္ဘာတစ်ဝန်းမှ တက္ကသိုလ်ပေါင်း ၄၀ ခန့်က ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ ပေးအပ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၉ ရက်နေ့က အသက် (၁၀၀) ပြည့်တဲ့မွေးနေ့မှာ လက်ရှိ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က မွေးနေ့ဆုမွန် ပို့ပေးခဲ့ကြောင်း သိရပါတယ်။
ဟာဗီရာ ပဲရစ်ဒီကွေးလျားကို သောကြာနေ့မှာ မြှပ်နှံမှာဖြစ်ပြီး မမြှပ်နှံခင်အချိန်အထိ ရုပ်အလောင်းကို ပီရူးနိုင်ငံခြားရေးဝန်ကြီးဌာနမှာ ထားရှိမယ်လို့ သားဖြစ်သူက ပြောပါတယ်။
MDN
ကိုးကား- AFP


