၆ မတ်

ပြီးခဲ့သည့်အပတ်က အမေရိကန်ပြည်ထောင်စုနှင့် လက်မှတ်ရေးထိုးခဲ့သည့် ငြိမ်းချမ်းရေး သဘောတူညီချက်အား လိုက်နာရန် တာလီဘန်များအား အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက တိုက်တွန်းခဲ့သည်။

 

တာလီဘန်များ၏ ပြတ်တောင်းပြတ်တောင်းတိုက်ခိုက်မှုများသည် သဘောတူညီမှုအပြီး၌ပင် ဆက်လက်ဖြစ်ပွားခဲ့သည်။

 

ဗုဒ္ဓဟူးနေ့က လေကြောင်းတိုက်ခိုက်မှုတစ်ခုကို တာလီဘန်တို့က ပြုလုပ်ခဲ့သေးကြောင်း အမေရိကန်ပြည်ထောင်စုက ပြောကြားခဲ့သည်။

 

တာလီဘန်တို့သည် အချို့ဒေသများတွင် အကြမ်းဖက်မှုများမြှင့်တက်လာခြင်းကို လက်မခံနိုင်ကြောင်း ပွန်ပီယိုက သတင်းထောက်များကို ကြာသပတေးနေ့က ပြောကြားခဲ့သည်။

 

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ရှေ့ဆက်နိုင်ရန် အကြမ်းဖက်မှုများကို ချက်ချင်းလျော့ချပေးရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

 

တာလီဘန်အကြီးတန်းခေါင်းဆောင်မှ  ယခင်အဆင့်များမှ အကြမ်းဖက်မှုများကို လျော့ချရန် လုံလဝီရိယရှိရှိ လုပ်ဆောင်နေကြောင်း ၎င်းက ပြောကြားခဲ့သည်။

 

တာလီဘန်ခေါင်းဆောင်ပိုင်းမှ ၎င်းတို့၏ ကတိများကို အကောင်အထည်ဖော်ရန် လုပ်ဆောင်နေသည်ကို ကျွန်ုပ်တို့ ယုံကြည်နေဆဲဖြစ်ကြောင်း ပွန်ပီယိုက ပြောကြားခဲ့သည်။

 

အာဖဂန်နစ္စတန်နိုင်ငံ၏ အမေရိကန် အထူးကိုယ်စားလှယ်ဖြစ်သည့်  ဇာလာမေ ကာရီဇက်သည် အာဖဂန်အစိုးရနှင့် တာလီဘန်တို့အကြား ဓားစာခံလဲလှယ်ရေးအစီအစဉ်ကို အလေးအနက်ထား ညှိနှိုင်းနေကြောင်း ၎င်းက ပြောကြားခဲ့သည်။

 

အာဖဂန်နစ္စတန်ရှိ တာလီဘန် နှင့် အမေရိကန်စစ်တပ်တို့၏ စစ်ရာဇဝတ်မှုများကိုစုံစမ်းစစ်ဆေးရန် နိုင်ငံတကာရာဇဝတ်တရားရုံးက ယမန်နေ့ကဆုံးဖြတ်ခဲ့သည်။

 

အမေရိကန်ပြည်ထောင်စုသည် အာဖဂန်နစ္စတန်နှင့် ပတ်သက်ပြီး သမိုင်းဝင် ငြိမ်းချမ်းရေး သဘောတူညီချက် လက်မှတ်ရေးထိုးပြီး ရက်အနည်းငယ်အကြာတွင် အဆိုပါ ဆုံးဖြတ်ချက်သည် မဆင်မခြင်ပြုလုပ်ခဲ့သည့် လုပ်ရပ်ဖြစ်ကြောင်း ပွန်ပီယိုက ပြောကြားခဲ့သည်။

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်