၆ မတ်

ဥရောပနိုင်ငံတွေနဲ့ အမေရိကန်နိုင်ငံက ဗိုင်းရပ်စ်ပိုးကို တိုက်ဖျက်ရန် ဆေးရုံတွေရဲ့ ပြင်ဆင်မှုဟာ လုံလောက်ခြင်းမရှိတာကို ကျန်းမာရေးလုပ်သားတွေက စိုးရိမ်ကြောင်း ပြောဆိုသံတွေ ထွက်ပေါ်လာတာနဲ့အတူ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က နိုင်ငံတွေက ဗိုင်းရပ်စ်ပိုးကို ဖိဖိစီးစီးကိုင်တွယ်ရန် လိုအပ်ကြောင်း၊ အခုဖြစ်စဉ်ဟာ သင်တန်းပေးနေတာ၊ လေ့ကျင့်ခန်းလုပ်နေတာ မဟုတ်ဘူးလို့ ပြောဆိုလိုက်ပါတယ်။

 

ဗိုင်းရပ်စ်ပိုးကူးစက်မှုဟာ နိုင်ငံတိုင်းအပေါ်မှာ ခြိမ်းခြောက်မှုရှိတယ်။ ဆင်းရဲချမ်းသာမရွေးဘူး၊ နိုင်ငံတွေရဲ့ အစိုးရတွေဟာ ဗိုင်းရပ်စ်ပိုးအပေါ်ကိုင်တွယ်ရန် ပူးပေါင်းဆောင်းရွက်ရမယ်။ ကျန်းမာရေးဝန်ကြီးဌာနတွေကိုသာ လုပ်ဆောင်ရန် လွတ်မထားသင့်ဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကပြောဆိုတိုက်တွန်းလိုက်ပါတယ်။

 

အီတလီ၊ ပြင်သစ်၊ ဂရိ နဲ့ အီရန်နိုင်ငံတွေမှာ ဗိုင်းရပ်စ်ပိုး ကူးစက်မှု မြန်ဆန်နေတဲ့အချိန်မှာ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားကမ်းခြေမှာ ဇိမ်ခံသင်္ဘောတစ်စီးပေါ်မှာ ကိုဗစ်19 ဗိုင်းရပ်စ်ပိုး ကူးစက်ခံရတဲ့လက္ခဏာမျိုး  တွေ့ရှိတဲ့ ခရီးသည်တွေကို စစ်ဆေးဖို့အတွက် သင်္ဘောကို ကမ်းခြေမှာ ကျောက်ချခိုင်းထားပါတယ်။ ပြီးခဲ့တဲ့ လပိုင်းက ဂျပန်ကမ်းခြေတစ်ခုမှာ ကျောက်ချခံခဲ့ရတဲ့ သင်္ဘောပေါ်မှ ခရီးသည်ရာချီပြီး ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရကြောင်း ပြောဆိုမှုတွေ ရှိနေပါတယ်။

 

အမေရိကန်နိုင်ငံက သူနာပြုသမဂ္ဂက ဆေးရုံတွေမှာရှိတဲ့ သူနာပြုတွေကို သုတေသနပြုရာ ဗိုင်းရပ်စ်ပိုး အတွက် ပြင်ဆင်မှုဟာ လုံခြုံစိတ်ချရတဲ့အခြေအနေမှာ မရှိကြောင်း၊ သူနာပြုတွေမှာ လိုအပ်တဲ့ ကာကွယ်ရေး အသုံးအဆောင်တွေ မပါဘဲအလုပ်လုပ်နေရကြောင်း၊ ဗိုင်းရပ်စ်ပိုးကို ဘယ်လိုမျိုးကိုင်တွယ်မယ်ဆိုတဲ့ ပညာပေးမှုတွေ နဲ့ သင်တန်းတွေ မရှိဘူးလို့ သိရပါတယ်။

 

ကိုဗစ်19ဗိုင်းရပ်စ်ပိုးဟာ နိုင်ငံတကာရဲ့ စီးပွားရေး၊ ခရီးသွားလာရေး၊ အားကစားပွဲတွေနဲ့ စာသင်ကျောင်းတွေအထိ ရိုက်ခတ်လာတာကိုတွေ့ရပါတယ်။

 

ပုပ်ရဟန်းမင်း ဖရန့်စစ်ကတော့ ကိုဗစ်19ဗိုင်းရပ်စ်ပိုးဟာ ဘာသာရေးပါ ထိခိုက်လာကြောင်း ဘက်သန်ဟမ်ကို သွားရောက်မယ့် ဘုရားဖူးခရီးသည်တွေကို တားဆီးခံရကြောင်းနဲ့ မကာမှာလည်း ဘုရာဖူးတွေကို မတွေ့ရကြောင်း ပြောပါတယ်။

MDN
ကိုးကား-AFP