၆ မတ်
အီရတ်နိုင်ငံမှာ ကျောင်းတွေကို ပိတ်လိုက်ပြီး ဆရာ၊ဆရာမတွေအား သင်ခန်းစာတွေကို အွန်လိုင်းကနေ သင်ကြားပေးရန် ညွှန်ကြားခြင်း၊ သောကြာနေ့ ဘုရားရှိခိုးမှုကို ဖျက်သိမ်းခြင်းနဲ့ အဓိက ကုန်သွယ်ဘက် အီရန်နဲ့ကုန်သွယ်ရေးကိုလည်း ရပ်ဆိုင်းခြင်းတွေ လုပ်ဆောင်ပြီး ကိုဗစ်-19ဗိုင်းရပ်စ်ပိုးပျံ့နှံ့မှု မရှိအောင် လုပ်ဆောင်လိုက်ပါတယ်။
အီရတ် ပညာရေးဝန်ကြီးက ကိုဗစ်-19ဗိုင်းရပ်စ်ပိုးကို နှိမ်နင်းရန် လာမယ့်တနင်္ဂနွေနေ့မှာ ပြန်လည်ဖွင့်မယ့်ကျောင်းတွေမှာ သင်ခန်းစာတွေကို ဝေငှရန်နဲ့ သင်ကြားမှုကို အွန်လိုင်းကနေ လုပ်ဆောင်ရန် ညွှန်ကြားလိုက်ပါတယ်။
အီရတ်နယ်စပ်တာဝန်ရှိသူတွေကလည်း အီရန်နိုင်ငံကနေ ဟင်းသီးဟင်းရွက်မှအစ မော်တော်ကားအထိ တင်ပို့မှုတန်ဖိုးဟာ တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၉ ဘီလီယံလောက်ရှိပေမယ့် ကုန်သွယ်ရေးကို အနည်းဆုံး သီတင်းတစ်ပတ် ပိတ်လိုက်ကြောင်း သိရပါတယ်။ အီရန်နိုင်ငံနဲ့ စီးပွားရေး၊ နိုင်ငံရေးနဲ့ ဘာသာရေး ဆက်နွယ်မှုရှိပေမယ့် အီရန်နိုင်ငံကနေ လာမယ့်နိုင်ငံခြားသားတွေကို ပြီးခဲ့တဲ့ လကတည်းက ဝင်ခွင့် ပိတ်လိုက်ပါတယ်။
အီရတ်နိုင်ငံမှာ ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ ၃၆ ဦးနဲ့ သေဆုံးသူ ၃ ဦးရှိရာ ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ အားလုံးနီးပါးဟာ အီရန်နိုင်ငံကနေ ပြန်လာသူများဖြစ်တယ်။ ကိုဗစ်-19ဗိုင်းရပ်စ်ပိုးကို ကုသပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို လစဉ် အမေရိကန် ဒေါ်လာ ၄၂၀ အပိုကြေးအဖြစ် ထောက်ပံ့ပေးမယ်လို့ အီရတ်ကျန်းမာရေးဝန်ကြီးက မနေ့က ပြောကြားပါတယ်။
အီရတ်နိုင်ငံမှာ နိုင်ငံသား သန်း ၄၀ အတွက် ကျန်းမာရေးဝန်ဆောင်မှုလိုအပ်နေကြောင်း၊ လူ ၁၀,၀၀၀ ကို ဆရာဝန် ၁၀ ဦးသာ ရှိကြောင်း WHO ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
MDN
ကိုးကား-AFP


