ဟိုင်းကြီးကျွန်း ၇ မတ်

 

ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့၊ ကျောက်ချောင်းကျေးရွာအုပ်စု၊ ခမောက်မော်ကျေးရွာ ရန်ကုန်ကားဂိတ်အနီးတွင် ယနေ့ ညနေ ၆ နာရီခန့်က မော်တင်စွန်းဘုရားပွဲသို့ ဘုရားဖူးခရီးသည်များ တင်ဆောင်လာသည့် ခရီးသည်လိုင်းကားတစ်စီး တံတားလက်တန်းကိုတိုက်၍ လမ်းဘေးသို့ ထိုးကျတိမ်းမှောက်ခဲ့ကြောင်း သိရှိရသည်။

 

တိမ်းမှောက်ခဲ့သည့်ယာဉ်သည် မော်တင်စွန်းဘုရားပွဲ၌ လာရောက်လိုင်းပြေးဆွဲနေသော ယာဉ်မောင်း ဦးအောင်ဇော်မင်း မောင်းနှင်သည့် တိုရိုတာ ဟိုင်းလတ်ယာဉ်ဖြစ်ပြီး ငါးသိုင်းချောင်းမြို့မှ ဘုရားဖူးရန်ထွက်ခွာလာသည့် ခရီးသည် (၁၂)ဦးကို ကျောက်ချောင်းကျေးရွာ သင်္ဘောဆိပ်မှ တင်ဆောင်မောင်းနှင်လာစဉ် ကျဉ်းမြောင်းသော ခမောက်မော်လမ်းတွင် လမ်းဘေးတွင်ရပ်ထားသော ကားတစ်စီးအား ကျော်တက်ချိန်၌ စီရာရင်တိုက်လော့ပြုတ်ထွက်သွားပြီး အရှေ့တွင်ရှိသည့် တံတားလက်တန်းကိုတိုက်ကာ လမ်းဘေးထိုးကျ တိမ်းမှောက်သွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

 

ယာဉ်တိမ်းမှောက်မှုကြောင့် အမျိုးသမီးသုံးဦး ပွန်းပဲ့ဒဏ်ရာ၊ ဖူးရောက်ဒဏ်ရာများ ရရှိသဖြင့် ကျောက်ချောင်း တိုက်နယ်ဆေးရုံတွင် ဆေးဝါးကုသမှုခံယူကာ မော်တင်စွန်းဘုရားပွဲသို့ ဆက်လက်ထွက်ခွာရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ဒဏ်ရာရခရီးသည်တစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။

 

ကျော်သူဟိန်း(ဟိုင်းကြီးကျွန်း)