ရွှေကူ ၈ မတ်
ကချင်ပြည်နယ် ရွှေကူမြို့နယ်၌ မတ် ၇ ရက် ညနေ ၅ နာရီခွဲက ဘုရားဖူးယာဉ်တစ်စီး တိမ်းမှောက်၍ ယာဉ်ပေါ်စီးနင်းလိုက်ပါသူအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ မန်ဟဲကျေးရွာနေ မောင်နှင်းကိုကို (၂၆)နှစ်မောင်းနှင်ပြီး မော်လူးမြို့၊ အုန်းဒုတ်ကျေးရွာနေသူများ ဖြစ်ကြသည့် ခရီးသည် ၁၅ ဦး လိုက်ပါစီးနင်းလာသည့် FUSO အမျိုးအစား ခြောက်ဘီးယာဉ်သည် ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ ကျွန်းတော်ကျေးရွာအနီးရှိ ဘုမ္မိဇေယျရွှေပေါ်ကျွန်းစေတီဘုရားပွဲမှ ဘုရားဖူးပြန်လာစဉ် ဗန်းမော်–မန္တလေး ကားလမ်း၊ ရွှေကူမြို့နယ်၊ တော်လှန်းကျေးရွာနှင့် ဝဲမကျေးရွာ၊ မိုင်တိုင်အမှတ် (226-KM နှင့် 227-KM)ကြား အရောက်တွင် မျက်နှာချင်းဆိုင်မှ မောင်းနှင်လာသည့် ယာဉ်အား ရှောင်တိမ်းရာမှ အရှိန်လွန်ကာ လမ်း၏ယာဘက်ချောက်အတွင်းသို့ ထိုးကျတိမ်းမှောက်ခဲ့သည်။
ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်စီးနင်းလိုက်ပါလာသူများအနက်မှ မောင်အာကာကျော် (၁၁)နှစ်မှာ ဝဲဘက်ပေါင်ရိုးကျိုးဒဏ်ရာ(စိုးရိမ်ရ)နှင့် ဒေါ်ဌေးဌေးခိုင် (၅၉)နှစ်၊ မချောနုဇင် (၁၃)နှစ်၊ ဒေါ်ခင်စန်းနွဲ့ (၅၃)နှစ်တို့မှာလည်း ထိခိုက်ဒဏ်ရာများရရှိခဲ့၍ ရွှေကူမြို့နယ်ပြည်သူ့ဆေးရုံသို့ ဆေးကုသမှုခံယူရန် ပို့ဆောင်ထားကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်း နှင်းကိုကိုအား ရွှေကူမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
ဝင်းနိုင်(ကချင်မြေ)


