မိတ္ထီလာ ၁၁ မတ်
မိတ္ထီလာမြို့၊ ဈေးအရှေ့ပြင်ရပ်ကွက်၊ ဓမ္မသုခ ရွှေစည်းခုံစေတီတော်၏ တောင်ဘက် ရေကျော်အနီးရှိ မိတ္ထီလာကန်အတွင်း၌ ရေနစ်သေဆုံးနေသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို မတ် ၁၁ရက် နံနက် ၈ နာရီခွဲက တွေ့ရှိခဲ့ကြောင်း သိရသည်။
“မိတ္ထီလာကန် ရေကျော်အနီးမှာ လူတစ်ဦး ရေနစ်သေဆုံးနေတာတွေ့လို့ ရုပ်အလောင်းသယ်ဖို့ သက်ဆိုင်ရာက ဖုန်းဆက်ပြီး အကူအညီတောင်းတာကြောင့် သွားပြီး ဆယ်ယူသယ်ဆောင်ပေးခဲ့တာပါ။ အသက် ၆ဝ ခန့် အရွယ်ရှိတဲ့ အမျိုးသားတစ်ဦးရဲ့ ရုပ်အလောင်းဖြစ်ပါတယ်” ဟု ရန်အောင်မြင် လူမှုကူညီရေးအသင်းမှ ဦးအောင်ဆန်းက ပြောသည်။
အဆိုပါ ရေနစ်သေဆုံးနေသော အမျိုးသား၏ ရုပ်အလောင်းတွေ့ရှိရာ နေရာသို့ အမှတ်(၂)ရဲစခန်းမှ စခန်းမှူး ရဲအုပ်အောင်ကျော်၊ တာဝန်မှူး ဒုရဲအုပ်စုစုလွင် နှင့် ရဲတပ်ဖွဲ့ဝင်များ၊ ဈေးအရှေ့ပြင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိန်ဝမ်း တို့ လာရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။ ထိုသို့ကြည့်ရှုစစ်ဆေးရာတွင် အမည်မသိ အသက် ၆ဝ ခန့် အမျိုးသားတစ်ဦးသည် ကန်ရေထဲတွင် မှောက်လျက်အနေအထားဖြင့် ပြင်ပဒဏ်ရာ မတွေ့ရှိရဘဲ သေဆုံးနေကြောင်းတွေ့ရသည်။
အဆိုပါအမှုနှင့်ပတ်သက်၍ အမှတ် (၂) နယ်မြေ ရဲစခန်းတွင် အမှုဖွင့် စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ချမ်းသာ(မိတ္ထီလာ)


