ရန်ကုန် ၁၁ မတ်
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်၌ မတ် ၁၀ ရက် မွန်းလွဲ ၁ နာရီခွဲက သစ်တင်ယာဉ်ပေါ်မှ သစ်လုံးပြုတ်ကျ၍ အမျိုးသားတစ်ဦး ပိမိသေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဒဂုံဆိပ်ကမ်းမြို့နယ်၊ (၉၈)ရပ်ကွက်တွင် လူတစ်ဦးသေဆုံးနေကြောင်း သတင်းအရ ဒဂုံဆိပ်ကမ်းမြို့မရဲခစန်းမှ တာဝန်မှူး ဒုရဲအုပ် သန်းလှိုင်ဦးနှင့်အဖွဲ့သည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ အောင်ကျော်ဦး (၂၈)နှစ် (ယာဉ်မောင်း) ညောင်လွှင့်ကျေးရွာ၊ အုတ်တွင်းမြို့နယ်၊ ပဲခူးတိုင်းဒေသကြီးနေသူဖြစ်ကြောင်း သိရှိရပြီး အောင်ကျော်ဦးသည် မတ် ၁၀ ရက် နံနက် ၁၀ နာရီခန့်တွင် ဒဂုံဆိပ်ကမ်းမြို့နယ်၊ (၉၈)ရပ်ကွက်၊ ကွမ်းအပ်သားမင်းသားလမ်း၊ အမှတ်(၁၃၈)ရှိ “မြင့်”သစ်စက်ဝင်းသို့ ယာဉ်အမှတ် YGN 6C/xxxx FUSO အစိမ်းရောင် သစ်လုံးတင်ယာဉ်ဖြင့် ရောက်ရှိလာပြီး သစ်လုံးများအား သစ်စက်ဝင်းသို့ ချရန်အတွက် ဆိုင်းကြိုး(သံကြိုး)များအား ၎င်းမှ ဖြုတ်ထား၍ ယာဉ်၏ဘေးတွင် ရပ်နေစဉ် ယာဉ်ပေါ်တွင် တင်ထားသော အရှည်(၂၀)ပေ၊ လုံးပတ်(၂)ပေခန့်ရှိ သစ်လုံးပြုတ်ကျပြီး ပိမိသေဆုံးကြောင်းနှင့် အလောင်းအား စစ်ဆေးရာ ဝဲခြေသလုံးကျိုးဒဏ်ရာ (၁)ချက်၊ ဝဲနံရိုးကျိုးဒဏ်ရာ (၁)ချက်၊ ယာလက်ပွန်းပဲ့ဒဏ်ရာ (၁)ချက်ရရှိကာ ပက်လက်အနေအထားဖြင့် သေဆုံးနေ၍ သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံသို့ ပို့အပ်လက်ခံစစ်ဆေးလျက်ရှိသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးနိုင်ရန် ဒုရဲအုပ် သန်းလှိုင်ဦးမှ တရားလိုပြုလုပ် တိုင်တန်း၍ ဒဂုံဆိပ်ကမ်းမြို့မရဲစခန်းမှ အမှုဖွင့်ပြီး စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ချယ်ရီ


