ကလျာမိုးမြင့် - ရေးသားသည်
မိုက်ခရိုဆော့ဖ်ကုမ္ပဏီဘုတ်အဖွဲ့ရဲ့ ဥက္ကဋ္ဌအဖြစ် တာဝန် ယူဆောင်ရွက်လာခဲ့တဲ့ မစ္စတာဘီလ်ဂိတ်ဟာ ၎င်းရဲ့ ဘုတ်အဖွဲ့ကနေ နုတ်ထွက်လိုက်ပြီဖြစ်တဲ့အကြောင်း မိုက်ခရိုဆော့ဖ်ကုမ္ပဏီက မတ် ၁၃ ရက်က ကြေညာ ခဲ့ပါတယ်။ နုတ်ထွက်ရတဲ့အကြောင်းကတော့ ၎င်းအနေ နဲ့ ပရဟိတလုပ်ငန်းတွေမှာ ကျကျနနအချိန်ပေးပြီး စိတ်ရောကိုယ်ပါ မြှုပ်နှံသွားချင်တဲ့အတွက်ကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။
အာရုံစိုက်ဖို့ဆုံးဖြတ်
အသက် ၆၄နှစ်ရှိပြီဖြစ်တဲ့ မိုက်ခရိုဆော့ဖ်ကုမ္ပဏီ ပူးတွဲတည်ထောင်သူ မစ္စတာဘီလ်ဂိတ်ဟာ ဆယ်စုနှစ် တစ်ခုမကကြာအောင် ကုမ္ပဏီရဲ့ နေ့စဉ်နဲ့ အမျှဆောင် ရွက်နေတဲ့လုပ်ငန်းလည်ပတ်မှုတွေမှာ ပါဝင်လုပ်ဆောင် နေတာကို ရပ်နားလိုက်ပြီး ၎င်းရဲ့ ဇနီးဖြစ်သူနဲ့အတူ တည်ထောင်ခဲ့တဲ့ Bill & Melinda Gates Foundation အပေါ်မှာသာ အာရုံစိုက်လုပ်ဆောင်ဖို့ ဆုံးဖြတ်လိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။
မစ္စတာဘီလ်ဂိတ်ဟာ ၂၀၁၄ ခုနှစ်အစောပိုင်းကာလ မတိုင်မီအချိန်ကတည်းက မိုက်ခရိုဆော့ဖ်ကုမ္ပဏီရဲ့ ညွှန်ကြားရေးမှူးများဘုတ်အဖွဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်လာခဲ့တာဖြစ်ပြီး ယခုအခါမှာ ၎င်းရဲ့ရာထူး တာဝန်ကို လုံးလုံးလျားလျား စွန့်လွှတ်လိုက်ပြီဖြစ် တယ်လို့ ရက်ဒမွန် အခြေစိုက်နည်းပညာကုမ္ပဏီကြီး ဖြစ်တဲ့ မိုက်ခရိုဆော့ဖ်က ကြေညာလိုက်တာပါ။
မိုက်ခရိုဆော့ဖ်အပေါ် ယုံကြည်ချက်
မစ္စတာဘီလ်ဂိတ်နဲ့အတူ နှစ်တွေကြာတဲ့အထိ အတူလက်တွဲ အလုပ်လုပ်ခဲ့ရတာတွေနဲ့ ၎င်းဆီကနေ လေ့လာသင်ယူခဲ့ရသမျှတွေဟာ သိပ်ကိုကြီးမြတ်ပြီး ဂုဏ်ယူစရာကောင်းလှတယ်လို့ မိုက်ခရိုဆော့ဖ် ကုမ္ပဏီ အမှုဆောင်အရာရှိချုပ်လည်းဖြစ် ကုမ္ပဏီရဲ့ နာယကလို ဖြစ်နေသူတစ်ဦးဖြစ်တဲ့ ဆက်ရာနာဒယ်လာက ၎င်းရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြခဲ့ပါတယ်။
မိုက်ခရိုဆော့ဖ် ဆော့ဖ်ဝဲလ်ရဲ့ ဒီမိုကရေစီနည်းအရ တွန်းအားဖြစ်စေမယ့် ယုံကြည်ချက်တစ်ခုရယ်၊ လူမှုအဖွဲ့ အစည်းအပေါ် ဖိအားကျရောက်မှုအရှိဆုံး စိန်ခေါ်မှုတွေ ကို ဖြေရှင်းဖို့ဆိုတဲ့ စိတ်ဇောအဟုန်နဲ့ မစ္စတာဘီလ်က ကျွန်ုပ်တို့ကုမ္ပဏီကို တည်ထောင်ခဲ့တယ်။ မိုက်ခရိုဆော့ဖ် ကုမ္ပဏီနဲ့ ကမ္ဘာကြီးဟာလည်း ဒီအတွက်ကြောင့် ပိုပြီး ကောင်းမွန်ခဲ့တယ်လို့ နာဒယ်လာက ပြောကြားခဲ့ပါတယ်။
အကြံဉာဏ်ကောင်းတွေ ရယူမယ်
မိုက်ခရိုဆော့ဖ်အနေနဲ့ မစ္စတာဘီလ်ဂိတ်ရဲ့ နည်းပညာဆိုင်ရာ စိတ်အားထက်သန်မှုနဲ့ အကြံဉာဏ်ကောင်း တွေကနေ အကျိုးကျေးဇူးဖြစ်ထွန်းစေဖို့ ဆက်ပြီး လုပ်ဆောင်နေဦးမှာဖြစ်ပါတယ်။ မစ္စတာဘီလ်ရဲ့ ရင်းနှီး ဖော်ရွေမှုအတွက် ကျွန်ုပ်အနေနဲ့ သိပ်ကိုကျေးဇူးတင် ရသလို ၎င်းနဲ့အတူလိုက်ပါပြီး ရှေ့ဆက်တက်လှမ်းနိုင်ဖို့ကို ကျွန်ုပ်တို့ မျှော်လင့်စောင့်စားလျက်ရှိတယ်လို့ ၎င်းက ဆိုပါတယ်။ မစ္စတာဘီလ်ဂိတ်ဟာ ၂၀၀၀ ပြည့်နှစ်မှာ စီအီးအိုရာထူးကနေ နုတ်ထွက်လာခဲ့ပြီး ကုမ္ပဏီရဲ့ စီမံ အုပ်ချုပ်လုပ်ကိုင်ခွင့်ကို စတိဗ်ဘော်လ်မာဆီ လွှဲပြောင်း ပေးအပ်ခဲ့ပါတယ်။ ပရဟိတဖောင်ဒေးရှင်းမှာ ပိုပြီး အချိန်ပေးနိုင်ဖို့အတွက် ၎င်းက ဒီလိုလုပ်ဆောင်ခဲ့တာပါ။
တွဲဖက်တည်ထောင်
၂၀၁၄ ခုနှစ်မှာ နာဒယ်လာက မိုက်ခရိုဆော့ဖ်ရဲ့ တတိယမြောက် စီအီးအို ဖြစ်လာချိန်မှာ ၎င်းက ဥက္ကဋ္ဌ ရာထူးကို စွန့်လွှတ်ခဲ့ပါတယ်။ နှစ်စဉ်ပုံမှန် ဖော်ပြနေတဲ့ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များစာရင်းမှာ ဝီလီယံအိတ်ခ်ျ ဂိတ်ဟာ ဆက်ဆံရေးသိပ်မကောင်းတဲ့ လူငယ်တစ်ဦး အနေနဲ့ပါဝင်ခဲ့ပြီး ၎င်းနဲ့ ပေါအလန်ကိုတို့ဟာ ၁၉၇၅ ခုနှစ်မှာ မိုက်ခရိုဆော့ဖ်ကုမ္ပဏီကို အတူတွဲဖက် တည်ထောင်ခဲ့ကြပါတယ်။
မစ္စတာဘီလ်ဂိတ်ဟာ ၎င်းရဲ့ မွေးချင်းညီအစ်မနှစ်ဦး နဲ့အတူ ဆီတယ်လ်မှာ ကြီးပြင်းလာခဲ့သူပါ။ ၎င်းရဲ့ ဖခင်ဖြစ်သူ ဝီလီယံဟာ ရှေ့နေတစ်ဦးဖြစ်ပြီး ၎င်းရဲ့ မိခင်ဖြစ်လာသူ မေရီဟာ ကျောင်းဆရာမတစ်ဦးလည်းဖြစ် United Way International ရဲ့ အမျိုးသမီးဥက္ကဋ္ဌတစ်ဦး လည်းဖြစ်ပါတယ်။ အသက် ၁၃ နှစ်အရွယ်မှာ ဘီလ်ဂိတ် ဟာ ကွန်ပျူ တာအစီအစဉ်ရေးဆွဲမှုတွေကို စတင် လုပ်ဆောင်ခဲ့ပြီး စက်ကိရိယာတွေနဲ့ လုံးပန်းရတာကို အလွန်နှစ်သက်မြတ်နိုးသူ ဖြစ်လာခဲ့ပါတယ်။
မိုက်ခရိုဆော့ဖ်ကို အစပြု
ဘီလ်ဂိတ်ဟာ ၁၉၇၃ ခုနှစ်မှာ အထက်တန်း ကျောင်းအောင်မြင်ခဲ့ပြီး ကမ္ဘာကျော်ဟားဗတ် တက္ကသိုလ် တက်ရောက်ခဲ့ပါတယ်။ ဥပဒေဘာသာရပ်ကို ယူခဲ့ပေမယ့် တက္ကသိုလ်ပထမနှစ်မှာပဲ စာကိုကြိုးစား သင်ယူခြင်းမရှိခဲ့ပါဘူး။ သင်နေတဲ့စာတွေကို စိတ်မဝင် စားတဲ့အတွက် စာသင်ချိန်တွေမှာ အိပ်ပျော်နေ ခဲ့တယ်လို့ သိရပါတယ်။
တက္ကသိုလ်ကို နှစ်နှစ်တက်ရောက်ပြီးနောက်မှာ တော့ ၎င်းဟာ ဟားဗတ် တက္ကသိုလ်ကနေ မိဘတွေကို အသိမပေးဘဲ ထွက်လာခဲ့ပြီးနောက်မှာ ၎င်းရဲ့ ငယ်သူငယ်ချင်းဖြစ်သူ အလန်နဲ့ မိုက်ခရိုဆော့ဖ်ကို အစ ပြုဖို့ဖြစ်လာခဲ့ပါတယ်။ ၎င်းကျောင်းထွက်လာရတဲ့ အကြောင်းကလည်း ၎င်းစိတ်ဝင်စားတဲ့ ကွန်ပျူတာ ပညာကို ဇောက်ချလေ့လာဖို့ပဲဖြစ်ပါတယ်။
ဒေါ်လာသန်းချီရရှိ
၁၉၉၇ ခုနှစ်မှာတော့ ဘီလ်ဂိတ်နဲ့ပေါအလန်တို့ သူငယ်ချင်းနှစ်ဦးဟာ မိုက်ခရိုဆော့ဖ်ကုမ္ပဏီကို အတူ တကွ တည်ထောင်ခဲ့ကြပါတယ်။ ၎င်းတို့ရဲ့ ကုမ္ပဏီက ကွန်ပျူတာဆော့ဖ်ဝဲလ်တွေရေးပေးပြီး ကွန်ပျူတာ ကုမ္ပဏီတွေဆီ ရောင်းချခဲ့ပါတယ်။ လူတိုင်းအသုံးပြုနိုင် တဲ့ ကွန်ပျူတာအသေးစားလေးတွေ ပေါ်လာခဲ့ပြီး အဲဒီ ကွန်ပျူတာတွေမှာ အသုံးပြုနိုင်တဲ့ ၎င်းတို့ရဲ့ဆော့ဖ်ဝဲလ် ဟာ အမြတ်ငွေဒေါ်လာသန်းပေါင်းများစွာ ရရှိခဲ့တဲ့အထိ ရောင်းရခဲ့ပါတယ်။
နောက်ပိုင်းမှာ သူငယ်ချင်းဖြစ်သူ ပေါလ်အလန် ကျန်းမာရေးမကောင်းတော့တဲ့အတွက် မိုက်ခရိုဆော့ဖ် ကုမ္ပဏီကနေ နုတ်ထွက်သွားခဲ့တာကြောင့် မိုက်ခရို ဆော့ဖ်ဟာ မစ္စတာဘီလ်ဂိတ်တစ်ဦးတည်းပိုင်ဖြစ်လာ ခဲ့ပါတယ်။ ၁၉၈၆ ခုနှစ်မှာတော့ ယခုအချိန်အထိ ကမ္ဘာ တစ်ဝန်းမှာ အသုံးပြုနေကြတဲ့ Windows စနစ်ကို တီထွင် လိုက်ပြီး အဲဒီ Windows စနစ်ဟာ အကြီးအကျယ်အောင် မြင်မှုရရှိခဲ့သလို မစ္စတာဘီလ်ဂိတ်ဟာလည်းပဲ ဘီလျံနာ သူဌေးကြီးတစ်ဦး ဖြစ်လာခဲ့ပါတော့တယ်။
ဘုတ်အဖွဲ့မှ နုတ်ထွက်ပြီ
ကြွယ်ဝချမ်းသာသူတစ်ဦးဖြစ်တဲ့အပြင် ပရဟိတ စိတ်ဓာတ်အပြည့်အဝ ရှိသူလည်းဖြစ်တဲ့ မစ္စတာ ဘီလ်ဂိတ်ဟာ ၎င်းရဲ့ ဇနီးဖြစ်သူ မီလင်ဒါတို့ အတူတကွ တည်ထောင်ခဲသော Bill & Melinda Gates Foundation မှာ ဒေါ်လာ ၄၃ ဘီလီယံထည့်ဝင်ကာ ကမ္ဘာတစ်ဝန်းက ဆင်းရဲနွမ်းပါးသူတွေနဲ့ အေအိုင်ဒီအက်စ်၊ ငှက်ဖျားရောဂါ၊ ပိုလီယိုရောဂါခံစားနေရတဲ့သူတွေကို ငွေကြေးအကူ အညီ ပေးနေခဲ့ပါတယ်။
ယခုအခါမှာတော့ အတုယူဖွယ်စံပြပုဂ္ဂိုလ်တစ်ဦး ဖြစ်တဲ့ မစ္စတာဘီလ်ဂိတ်ဟာ ပရဟိတလုပ်ငန်းတွေကို စိတ်ရောကိုယ်ပါ အပြီးနှစ်မြှုပ်ထားဖို့အတွက် ၎င်းသိပ်ကို သံယောဇဉ်ကြီးခဲ့တဲ့ မိုက်ခရိုဆော့ဖ်ကုမ္ပဏီရဲ့ ဒါရိုက်တာဘုတ် အဖွဲ့ကနေပါ နုတ်ထွက်လိုက်ပြီဖြစ်ပါ တယ်။နည်းပညာကမ္ဘာမှာ သမိုင်းတွင်တဲ့ ပုဂ္ဂိုလ်အဖြစ် ၎င်းရဲ့တည်ရှိမှုဟာ အနာဂတ်မျိုးဆက်သစ်လူငယ်တွေ အတွက် စံထားစရာကောင်းလှပါတယ်။
ကိုးကား-အေအက်ဖ်ပီ


