ကျောက်ကြီး ၁၅ မတ်

 

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ကျောက်ကြီးမြို့နယ်၊ ကျွန်းပင်ဆိပ်ကျေးရွာအုပ်စု၊ ကျွန်းပင်ဆိပ်ကျေးရွာတွင် ယနေ့နံနက် ၁ နာရီက မီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်မှုဖြစ်ပွားပြီး နေအိမ်လေးလုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

 

23

 

ဖြစ်စဉ်မှာ ကျွန်းပင်ဆိပ်ကျေးရွာရှိ ဦးမြင့်အောင်၏ (၄)ပင်ပတ်လည် အုတ်ညှပ်နှစ်ထပ် သွပ်မိုးနေအိမ်၏ မီးဖိုချောင် မီးကြွင်းမီးကျန်မှတစ်ဆင့် မီးစတင်လောင်ကျွမ်းခဲ့ရာ တစ်ရွာတည်းနေ ဦးဘိုမင်းနိုင်၏ (၄)ပင်ပတ်လည် ပျဉ်ခင်း၊ ပျဉ်ကာ၊ သွပ်မိုးနေအိမ်၊ ဦးလှထွန်း၏ (၄)ပင်ပတ်လည် ဝါးထရံကာ သွပ်မိုးနေအိမ်၊ ဦးအေးထွေး၏ (၃)ပင်ပတ်လည် ပျဉ်ခင်း၊ ထရံကာ၊ သွပ်မိုးနေအိမ်များသို့ မီးကူးစက် လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။

 

56

 

အဆိုပါမီးလောင်မှုဖြစ်ပွားရာသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူ ဦးဆောင်ပြီး ကျောက်ကြီးမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၂)စီး၊ ရေသယ်ယာဉ် (၁)စီး၊ မုန်းနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁)စီး၊ သုခိတလူမှုကူညီရေးအဖွဲ့မှ ထောက်ပံ့ယာဉ် (၁)စီး၊ ကျွန်းပင်ဆိပ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရွာသူ/ရွာသားများ စုပေါင်းမီးငြှိမ်းသတ်ခဲ့ကြောင်းနှင့် မီးလောင်ကျွမ်းမှုကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်ဆုံးရှုံးမှု မရှိကြောင်း သိရသည်။

 

ဖြစ်စဉ်နှင့်ပတ်သက်၍ မုန်းနယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

 

ကိုသားကြီး(ကျောက်ကြီး)