၁၇ မတ်
ကမ္ဘာတစ်ဝန်းမှာဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်အခြေအနေတွေကို အောက်ပါအတိုင်း စုစည်းတင်ဆက်လိုက်ရပါတယ်။
နယ်စပ်ပိတ်ပင်ခြင်းနဲ့စစ်ဆေးခြင်း
ပြင်သစ်သမ္မတ မက်ခရွန်က ဥရောပအဖွဲ့ဝင်နိုင်ငံ ၂၇ နိုင်ငံကို ပြည်ဝင်ခွင့် ရက် ၃၀ တိတိ ပိတ်လိုက်ကြောင်း သိရပါတယ်။
ဂျာမနီနိုင်ငံကတော့ နယ်စပ်ချင်းထိဆက်နေတဲ့ ဩစတြီးယား၊ ဒိန်းမတ်၊ ပြင်သစ်၊ လူဇင်ဘတ် နဲ့ ဆွစ်ဇာလန်နိုင်ငံ တွေရဲ့ နယ်စပ်ဂိတ်တွေကို ပိတ်ထားလိုက်ပါတယ်။
စပိန်နိုင်ငံကတော့ ကုန်းမြေချင်းထိစပ်နေတဲ့ နယ်စပ်ဂိတ်တွေကို ပိတ်လိုက်ကြောင်း ကြေညာထားပါတယ်။
ချီလီနိုင်ငံမှာတော့ ကုန်းလမ်း၊ ရေကြောင်းနဲ့ လေကြောင်း ဝင်ပေါက်တွေအားလုံးကို ပိတ်ထားကြောင်း သိရပါတယ်။
အီဂျစ်နိုင်ငံကတော့ လေကြောင်း ဝင်ပေါက်ကို ကြာသပတေးနေ့ကနေ မတ်လ ၃၁ ရက်အထိ ပိတ်သွားမှာ ဖြစ်ပါတယ်။
ဂရိနိုင်ငံကတော့ သူ့နိုင်ငံကို ရောက်ရှိလာတဲ့ သူတိုင်း ၁၄ ရက်တိတိ သီးသန့်ခွဲခြားနေထိုင်စေပြီး စောင့်ကြည့်သွားမှာ ဖြစ်ပါတယ်။
အပြင်မထွက်ရန်
ပြင်သစ်နိုင်ငံသားတွေကို အင်္ဂါနေ့က စပြီး နောက်ထပ် ၁၅ ရက်အတွင်း ခရီးမသွားဖို့၊ မလိုက်နာသူတွေကို အပြစ်ပေးသွားမယ်လို့ သမ္မတက ပြောကြားပါတယ်။ မတ် ၂၂ ရက်နေ့မှာ ဒုတိယအကြိမ် ကျင်းပဖို့ရှိတဲ့ ပြင်သစ်မြူနီစပယ် ရွေးကောက်ပွဲ ရက်ရွှေ့ဆိုင်းလိုက်ပြီး ပြင်သစ်နိုင်ငံဟာ စစ်ပွဲအတွင်းမှာ ရောက်ရှိနေတယ်လို့ ဆိုပါတယ်။
ဂျာမနီနိုင်ငံ ကလည်း နိုင်ငံသားတွေကို အိမ်မှာနေဖို့နဲ့ ပိတ်ရက်ခရီးသွားမယ့် အစီအစဉ်တွေကို ဖျက်သိမ်းဖို့ တိုက်တွန်းထားပါတယ်။
ဗြိတိန်နိုင်ငံက အရေးမကြီးတဲ့ ခရီးသွားခြင်းကို မလုပ်ဆောင်ရန် ပြောကြားထားပါတယ်။
ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၇၀ဝ၀ ကျော်
၂၀၁၉ ခုနှစ်အကုန်ပိုင်းက စတင်ပျံ့နှံ့လာတဲ့ ဗိုင်းရပ်စ်ပိုးဟာ မတ် ၁၇ ရက်ထုတ်ပြန်ချက်အရ နိုင်ငံ/ဒေသပေါင်း ၁၆၂ နေရာအထိ ကူးစက်ရောက်ရောက်ရှိသွားပြီး လူပေါင်း ၁၈၂၇၂၃ ဦးတွင် ကူးစက်ခံခဲ့ရာ လူပေါင်း ၇၁၇၃ ဦးသေဆုံးပါတယ်။ တရုတ်နိုင်ငံတွင် လူပေါင်း ၃၂၂၆ ဦး၊ အီတလီနိုင်ငံတွင် ၂၁၅၈ဦး၊ အီရန်တွင် ၈၅၃ ဦး၊ စပိန်တွင် ၃၄၂ ဦး၊ ပြင်သစ်နိုင်ငံတွင် ၁၄၈ဦး၊ အမေရိကန်နိုင်ငံတွင် ၉၃ဦးနဲ့ တောင်ကိုရီးယားနိုင်ငံတွင် ၈၁ ဦး အပါအဝင် သေဆုံးသူ စုစုပေါင်း ၇၁၇၃ဦးရှိသွားပြီဖြစ်ပါတယ်။
ဗိုင်းရပ်စ်ပိုးကာကွယ်ဆေးစမ်းသပ်နေ
COVID-19 ဗိုင်းရပ်စ်ပိုး ကာကွယ်ဆေးကို အမေရိကန်နိုင်ငံ ဆီယက်တဲမှာ ကျန်းမာသန်စွမ်းတဲ့ အသက် ၁၈နှစ်မှ ၅၅ နှစ်အတွင်းလူပေါင်း ၄၅ ဦးက သူတို့နဲ့စမ်းသပ်ရန် စာရင်းပေးထားပါတယ်။ အဲဒီလူတွေကို သီတင်းခြောက်ပတ်အတွင်း စမ်းသပ်သွားမယ်လို့ အမေရိကန်အမျိုးသားကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။
ကျန်းမာရေးနဲ့ပတ်သက်တဲ့ အရေးပေါ်အခြေအနေ
ဆွစ်ဇာလန်နိုင်ငံမှာ အရေးပေါ်အခြေအနေကို ဧပြီ ၁၉ ရက်နေ့အထိ သတ်မှတ်ထားပြီး လူစုလူဝေးခြင်းကို ပိတ်ပင်ထားပြီး နယ်စပ်ဂိတ်တွေပိတ်ထားသလို စစ်သားတွေကို နေရာဖြန့်ကြက် ချထားပါတယ်။
အာမေနီးယားနိုင်ငံမှာလည်း အရေးပေါ်အခြေအနေကို ဧပြီ ၁၄ ရက်နေ့အထိ သက်ရောက်ကြောင်း ကြေညာထားပါတယ်။
ဗလာဟင်းလင်း ကောင်းကင်ပြင်
ဗြိတိန်နိုင်ငံကလေယာဉ်အများစုဟာ မြေပြင်မှာ ရပ်နားထားတာကို တွေ့ရပါတယ်။
ဂျာမနီလေကြောင်းလိုင်းရဲ့ လေယာဉ် ၉၀ ရာခိုင်းနှုန်းဟာ ရပ်နားမှာဖြစ်ပါတယ်။
ဩစတြေးလျလေကြောင်းလိုင်းကလည်း ကြာသပတေးနေ့ကစပြီး ပုံမှန်ပျံသန်းမှုကို ရပ်ဆိုင်းသွားမှာ ဖြစ်ပါတယ်။
ဘာသာရေးနေရာတွေနဲ့ အထိမ်းအမှတ်နေရာတွေ ပိတ်ထားပြီ
အီရန်နိုင်ငံက ရှီးရိုက်ဘာသာဝင်တွေရဲ့ ဘာသာရေးနေရာ လေးခု ပိတ်ထား
တူရကီနိုင်ငံကလည်း ဗလီတွေကို ထုတ်ပြန်ချက် အသစ်မထုတ်မခြင်း ပိတ်ထား
အိန္ဒိယနိုင်ငံရဲ့ တပ်ချ်မဟာ အပါအဝင် ပြတိုက်တွေကို ပိတ်ထား
ထရန့်မြင်တဲ့ ဗိုင်းရပ်စ်ပိုးနိဂုံး
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ကြိုးစားပြီးလုပ်ကိုင်သွားမယ်ဆိုရင် COVID-19 ဗိုင်းရပ်စ်ပိုးကို အမေရိကန်နိုင်ငံမှာ ဇူလိုင် သို့မဟုတ် ဩဂုတ်လမှာ ကပ်ရောဂါပိုး ပျောက်ကင်းမယ်လို့ ပြောကြားလိုက်ပါတယ်။
MDN
ကိုးကား - AFP


