၁၈ မတ်
ပဋိဇီဝဆေးယဉ်ပါးခြင်းနှင့် အကြောင်းရင်းများ
ခန္ဓာကိုယ်တွင်းသို့ ဝင်ရောက်လာသော ဗက်တီးရီးယားရောဂါပိုးမွှားများကို သေစေ ရန် သောက်သုံးသည့်ဆေးကို ပဋိဇီဝဆေး [Antibiotic)ဟုခေါ်သည်။ ထိုပဋိဇီဝဆေးများကို ဗက်တီးရီးယားပိုးများက ခံနိုင်ရည်ရှိပြီး ဆေးမတိုးတော့ခြင်းကို ပဋိဇီဝဆေး ယဉ်ပါးမှုဖြစ်ခြင်းဟု ခေါ်ပါသည်။ ပဋိဇီဝဆေး ယဉ်ပါးခြင်းကြောင့် ကူးစက်တတ်သောရောဂါများကို ကုသနိုင်စွမ်းများ လျော့နည်းသွားကြရသည်။
ပဋိဇီဝဆေးယဉ်ပါးမှုကို ဖြစ်စေနိုင်သော အကြောင်းရင်းများမှာ နေ့စဉ်စားသုံးနေကြသော အသားများ(ကြက်၊ ဝက်၊ ငါး၊အမဲသား) တွင် ပဋိဇီဝဆေးများ ပါရှိနေခြင်း၊ ဟင်းသီးဟင်းရွက် အသီးအနှံတို့တွင် ပဋိဇီဝဆေးများ ပါရှိနေခြင်း စသည်တို့ကြောင့် ဖြစ်သည်။ ထို့အပြင် ပဋိဇီဝဆေးများကို လွတ်လပ်စွာ ရေရောင်ဆယ်နိုင်ခြင်း၊ ရပ်ကွက်ဆေးဆိုင်များ၊ ကွမ်းယာဆိုင်များတွင် အလွယ်တကူ ဝယ်ယူရရှိနိုင်ခြင်း၊ ဆရာဝန်ညွှန်ကြားချက်မပါဘဲ မိမိသဘောဆန္ဒနှင့် မိမိ ဝယ်ယူသောက်သုံး နေကြခြင်း အစရှိသည့် အခြေအနေ၊ အမူအကျင့်များသည် ဆေးယဉ်ပါးမှု ပြဿနာကို ပို၍ကြီးထွားစေပါသည်။ ရပ်ကွက်ဆေးဆိုင် အချို့သည် စပ်ဆေးများပြုလုပ်ရောင်းချနေ ခြင်း ဆေးဝယ်လာသူများကို ဆရာဝန်ကဲ့သို့ ဆေးညွှန်များပေးကာ သောက်သောက် နည်းပြောပြနေကြခြင်း စသည်တို့သည် ပဋိဇီဝဆေးယဉ်ပါးမှုအန္တရာယ်ကို ပို၍ကြီး ထွားစေသော သက်သေသာဓကများပင်ဖြစ်သည်။
ကမ္ဘာလုံးဆိုင်ရာပြဿနာ
ပဋိဇီဝဆေးယဉ်ပါးမှုပြဿနာသည် ယခုအခါ ဆင်းရဲချမ်းသာမရွေး၊ လူမျိုးတိုင်း၊ နိုင်ငံတိုင်းအတွက် လတ်တလော ရင်ဆိုင်ဖြေရှင်မည့် ကျန်းမာရေးပြဿနာတစ်ရပ်ဖြစ်သည်။ တစ်ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အစားအသောက် ဘေးကင်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ခြိမ်းခြောက်နေသော အဓိက အရာများထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်။ ဆေးဘက်ဆိုင်ရာ ပညာရှင်များ၏ သုံးသပ်ချက်များအရ ယခုအချိန်တွင် တစ်ကမ္ဘာလုံး၌ ပဋိဇီဝဆေးမတိုးသော ရောဂါပိုးကြောင့် သေဆုံးမှုနှုန်းသည် ၂၀၀၆ ခုနှစ်တွင် ခုနစ်သိန်းခန့် ရှိခဲ့ပြီး ၂၀၅၀ ပြည့်နှစ်တွင် သိန်း ၁၁၀ အထိ မြင့်တက်လာနိုင်သည်ဟု ဆိုပါသည်။ မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဆေးမတိုးသောရောဂါ ဖြစ်ပွားမှုနှုန်း ပို၍ မြင့်မားလာ နိုင်သည်။ ကာကွယ်တိုက်ဖျက်ရေးအတွက် ပို၍ ခက်ခဲနိုင်ပါသည်။ ထို့ကြောင့် အစိုးရ၊ ပုဂ္ဂလိကနှင့် ပြည်သူများ အတူတကွပူးပေါင်း ဆောင်ရွက်မှသာ ကာကွယ်တားဆီးနိုင်မည် ဖြစ်ပါသည်။
ပဋိဇီဝဆေးယဉ်ပါးမှု တိုက်ဖျက်ရေးကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့ သာမက အခြားနှီးနွယ်ရာ ဌာနများ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၊ FAO နှင့် အခြား INGO၊ NGO များ၊ အစိုးရ၊ လွှတ်တော်နှင့် ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်း၍ One Health Approach ဖြင့် ဆောင် ရွက်သွားရန် လိုအပ်ပါသည်။ အကြောင်းအမျိုးမျိုးကြောင့် ပဋိဇီဝဆေးကို သောက်သုံးနေကြရသည့် လူနာများအနေဖြင့်လည်း ဆေးသောက်သုံးရာတွင် ဆရာဝန်ညွှန်ကြား ချက်အတိုင်း တိကျစွာလိုက်နာပြီး ဆေးပတ်လည်အောင် သောက်ရပါမည်။ ဆေးသောက်ချိန်နှင့် ဆေးအရေအတွက်သည် ဆရာဝန် ညွှန်ကြားချက်အတိုင်းသာ ဖြစ်ရပါမည်။ ဆေးကိုလျှော့သောက်ခြင်း၊ ပိုသောက်ခြင်းများ လုံးဝ မပြုလုပ်သင့်ပါ။ ထိုသို့ပြုလုပ်ခြင်းသည် ပဋိဇီဝဆေးယဉ်ပါးမှုကိုဖြစ်စေပြီး နောက်နောင်ရောဂါဖြစ်ပါက ဆေးယဉ်ပါးမှုဒဏ် ကြောင့် ကုသရန်ခက်ခဲလာမည်ဖြစ်သည်။
ဖြစ်လာနိုင်သောဆိုးကျိုးများ
ဆေးယဉ်ပါးသည့်အတွက် တစ်ပတ်နှင့် ပျောက်မည့်ရောဂါကို တစ်လကုသနေရခြင်း၊ ဆေးဝါးများပြောင်းလဲ၍ ကုသနေရခြင်း၊ ကုသချိန်ကြာမြင့်သည့်အတွက် အခြားရောဂါများ ဝင်ရောက်လာနိုင်ခြင်း စသည့် ကျန်းမာရေးဆိုင်ရာ ပြဿနာများနှင့်အတူ ဆေးကုသမှုအတွက် ငွေကြေးကုန်ကျမှုများလာခြင်း၊ စိတ်ဓာတ်ကျဆင်းလာပြီး ခံနိုင်ရည်စွမ်းအား ကုန်ခမ်းလာခြင်းနှင့် နောက်ဆုံး အသက်ဆုံးရှုံးခြင်းများ ကြုံတွေ့ရနိုင်ပါသည်။
ထို့အပြင် အချို့သော သူများသည် မိမိရောဂါဖြစ်စဉ်က ပျောက်ကင်းခဲ့သော ဆေးဝါးများကို မှတ်သားထားပြီးအခြားသူများ ဖျားနာပါက ဆရာဝန်ကဲ့သို့ ဆေးညွှန်းပေးခြင်း၊ ဆေးလက်ကျန်များ မျှဝေခြင်း အလေ့အထများ ရှိကြသည်။ ပဋိဇီဝဆေးများကို တလွဲသုံးခြင်း၊ အလွန်အကျွံသုံးခြင်း၊ မလိုအပ်ဘဲဆေးထိုး၊ ဆေးသောက်ခြင်းများကို ပြုလုပ်ခြင်းသည် ဆေးယဉ်ပါးမှုအန္တရာယ်ကို အချိန်တိုအတွင်း လျင်မြန်စွာ ဖြစ်ပေါ်စေနိုင်ပါသည်။ ထို့ကြောင့် ပဋိဇီဝဆေးများကို မဖြစ်မနေ သုံးစွဲရန် လိုအပ်ပါက နားလည်တတ်ကျွမ်သော ဆရာဝန်များ၊ ဆေးဘက်ဆိုင်ရာပညာ ရှင်များ၏လမ်းညွှန်မှုများ၊ အကြံပြုမှုများကို ရယူရန် အထူးလိုအပ်ပါသည်။
မွေးမြူရေးမှ ပဋိဇီဝဆေးများ
ထို့အပြင် အချို့သော မွေးမြူရေးသမားများသည် ကြက်၊ ဝက်၊ ငါး၊ ပုစွန် မွေးမြူရေး စသည်တို့ကို အချိန်တိုအတွင်း အသားတိုးလာစေရန်နှင့် ရောဂါပိုးမွှားကင်းစေရန်အတွက် အသားတိုး ဟိုမုန်းဓာတ် ပါဝင်သော အစာများနှင့်အတူ ပဋိဇီဝဆေးများကို ရောနှောကာ ကျွေးကြသည်။ မွေးမြူရေးသမား များအတွက် ကာလတိုအတွင်း တိရစ္ဆာန်များ အသားတိုးလာကြသဖြင့် တွက်ခြေကိုက်ကြသည်။ သို့သော်လည်း အဆိုပါ အသား၊ ငါး များကို စားသုံးကြသော ပြည်သူများအတွက် အသားထဲတွင် ပါလာသော ပဋိဇီဝဆေးများကြောင့် ဆေးယဉ်ပါးမှုကို ခံစားရခြင်း၊ အသားထဲရှိ ဟော်မုန်ဓာတ်များကြောင့် အသားများတိုးလာကာ အဝလွန်လာခြင်း စသော ကျန်းမာရေးပြဿနာများလည်း ခံစားလာကြရသည်။
ပဋိဇီဝဆေးယဉ်ပါးမှုသည် လူမှတိရစ္ဆာန်သို့လည်းကောင်း၊ တိရစ္ဆာန်မှ လူသို့လည်းကောင်း အပြန်အလှန် ကူးစက်နိုင်သည့် သဘောရှိပါသည်။ ကိုင်တွယ်မိသည့် ပစ္စည်းများ၊ ချောင်းဆိုးလျှင်ထွက်လာသည့် အမှုန် အမွှားများ၊ သလိပ်၊ တစ်ရှူးများမှတစ်ဆင့်လည်း ကူးစက်နိုင်ပါသည်။ ရောဂါပိုးကူးစက်ခံရခြင်း လျော့နည်းပါက ပဋိဇီဝဆေးသုံးစွဲမှု လျော့နည်းလာမည်ဖြစ်ပါသည်။ ရောဂါပိုး ကူးစက်ခံရခြင်း လျော့နည်းစေရန် သန့်ရှင်းရေးအခြေခံကောင်းများကို ကျင့်သုံးခြင်းသည် အထိရောက်ဆုံးသော နည်းလမ်းတစ်ခုဖြစ်ပါသည်။
ဆေးယဉ်ပါးမှုအန္တရာယ် ကာကွယ်ရန်
ထို့ကြောင့် ပြည်သူလူထုအနေဖြင့် ပဋိဇီဝဆေးယဉ်ပါးမှု အန္တရာယ်ကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် ပဋိဇီဝဆေးများအား မဖြစ်မနေသောက်သုံးရပါက နားလည်တတ်ကျွမ်းသော ကျန်းမာရေးစောင့်ရှောက်သူများ၏ ညွှန်ကြားချက်များအတိုင်းသာ သုံးစွဲရန် လိုအပ်ပါသည်။ ရောဂါသက်သာလာသော်လည်း ဆေးပတ်လည်အောင် ညွှန်ကြားချက် အတိုင်း ဆက်လက်သုံးစွဲသင့်ပါသည်။
အခြားသူများသုံးစွဲပြီး လက်ကျန်ဆေးများကို လုံးဝမသုံးစွဲရပါ။ မိမိရောဂါအတွက် ညွှန်ကြားထားသော ပဋိဇီဝဆေးများကို အခြားသူများနှင့် မျှဝေသုံးစွဲခြင်းကို ရှောင်ကြဉ်ပါ။ လက်ကို ပုံမှန်ဆေးခြင်း၊ မလိုအပ်ဘဲ လူနာနှင့် နီးကပ်စွာထိတွေ့မှုများကို ရှောင်ကြဉ်ခြင်း၊ ထိုးသင့်သောရောဂါ ကာကွယ်ဆေးများကို အကြိမ်ပြည့်ထိုးထား ခြင်းတို့ဖြင့် ကူးစက်ရောဂါများကို ကာကွယ်နိုင်ပါသည်။
ကျန်းမာရေးဝန်ထမ်းများ အနေဖြင့်လည်း လက်များ၊ ကုသရေးကိရိယာများနှင့် ပတ်ဝန်းကျင်ကို သန့်ရှင်းစွာ ထားရပါမည်။ လက်ရှိ Guide Line များအရ ပဋိဇီဝဆေးများကို အသုံးပြုရန် အမှန်တကယ်လိုအပ်မှသာ ညွှန်ကြားရပါမည်။ ဆေးယဉ်ပါးနေသော ရောဂါများကို တွေ့ရှိပါက အထက်အဆင့် ဆင့်သို့ ဆက်လက်သတင်းပို့ရပါမည်။ လူနာများအား ပဋိဇီဝဆေးမှန်ကန်စွာ သုံးစွဲနည်း နှင့် အလွဲသုံးပါက ဆေးယဉ်ပါးပြီး အန္တရာယ်ရှိနိုင်ကြောင်းကို အချိန်ပေး၍ရှင်းပြပေးသင့် ပါသည်။ ကာကွယ်ဆေးထိုးခြင်း၊ လက်ဆေးခြင်း၊ ဘေးကင်းသော လိင်ဆက်ဆံခြင်းနှင့် နှာချေ၊ ချောင်းဆိုးလျှင် ပါးစပ်နှင့် နှာခေါင်း တို့ကို ဖုံးအုပ်ထားရန်တို့အတွက် ကျန်းမာရေး အသိပညာပေးခြင်းများကိုလည်း ပြုလုပ်ပေးရပါမည်။
ထို့အပြင် မွေးမြူရေးဆိုင်ရာတာဝန်ရှိ သူများအနေဖြင့်လည်း တိရစ္ဆာန်အစာနှင့် ဆေးဝါး ထုတ်လုပ်သူများအား စောင့်ကြည့် ကြပ်မတ်ခြင်း၊ တိရစ္ဆာန်ဆေးကုဆရာဝန်များ လိုက်နာရမည့် အချက်အလက်များ ဖြန့်ဝေခြင်း၊ မွေးမြူရေးခြံများတွင် ရောဂါဝင်ရောက်မှု လျော့ကျရေးအတွက် နည်းလမ်းများဖြန့်ဝေခြင်း၊ ကောင်းမွန်သော မွေးမြူရေး ကျင့်စဉ်များကို ရေးဆွဲပြဋ္ဌာန်းပေးခြင်းနှင့် တိရစ္ဆာန်မွေးမြူရေးကဏ္ဍအတွင်း ပဋိဇီဝဆေးယဉ်ပါးမှုပြဿနာများ မည်မျှကျယ်ပြန့်နေသည်ကို မျက်ခြည်မပြတ် စူးစမ်းလေ့လာ ခြင်းများကို စဉ်ဆက်မပြတ် ပြုလုပ်ပေးသင့်ပါသည်။
ပဋိဇီဝဆေးယဉ်ပါးမှုပြဿနာ လျှော့ချရေးအတွက် လူတစ်ဦးချင်းစီ၏ ကျန်းမာရေး အသိပညာရှိမှု၊ အတ္တမဆန်ဘဲ လူမှုရေးအသိရှိမှုတို့သည် အခြေခံအကျဆုံးကျသောအချက် များဖြစ်သည်။ ရောဂါဝင်ရောက်မှု အနည်းဆုံး ဖြစ်လျှင် ပဋိဇီဝဆေးသုံးစွဲရသူလည်း အနည်းဆုံးဖြစ်သည်။ မိသားစုတိုင်း၊ အဖွဲ့အစည်းတိုင်း၊ ဆေးရုံ၊ ဆေးခန်းတိုင်းတွင် ရောဂါပိုးဝင် ရောက်မှုမရှိစေရေးအတွက် အခြေခံတစ်ကိုယ် ရေသန့်ရှင်းမှုရှိရမည်။ ကာကွယ်ရေးနည်းလမ်းများကို လိုက်နာဆောင်ရွက်ရပါမည်။
ပဋိဇီဝဆေးကိုလွဲမှားစွာသုံးခြင်းကြောင့် သက်ရှိသတ္တဝါအားလုံးအတွက် ကြီးမားသည့် ကျန်းမာရေးဆိုင်ရာ ပြဿနာကြီးဖြစ်သည့် ပဋိဇီဝဆေးယဉ်ပါးမှုနှင့် ရင်ဆိုင်ကြုံတွေ့ရစေနိုင်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။
မှီငြမ်း။ ။ကမ္ဘာ့ကျန်းမာရေးနေ့မဂ္ဂဇင်း
(2019 M.O.H.S)
နှင်းငွေ


